ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် စိုက်ခင်းပျက်စီး

  • 9 ဖေဖော်ဝါရီ 2012
pipeline
Image caption ရခိုင်ပြည်နယ်ကနေ ယူနန်ကို ဆက်သွယ်မယ့် ဓာတ်ငွေ့ ပိုက်လိုင်း

ရခိုင်ပြည်နယ်ကနေ တရုတ်ကို သွယ်တန်း မယ့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဖောက် လုပ်နေရာမှာ ချောင်းတွေကို ပိတ်ပြီး ပိုက်လိုင်းမြှတ်၊ ကားလမ်း ဖေါက်ဖို့ အတွက် ရေတွေ စုပ်ထုတ်တာကြောင့် မကွေးတိုင်း ရေနံချောင်း မြို့နယ်က ကြက်သွန် စိုက်ခင်း ဧက ရာချီ ပျက်စီး ကုန်တယ်လို့ သတင်း ရရှိပါတယ်။

တရုတ်ပိုက်လိုင်း စီမံကိန်းဖြတ်သွားတဲ့ မကွေး တိုင်း အတွင်းက ပင်းချောင်းကို ဖြတ်ပြီးဖေါက် တဲ့ လုပ်ငန်းခွင်က စုပ်ထုတ်လိုက်တဲ့ ရေတွေကြောင့် ရေနံချောင်း မြို့နယ်က ဥသျှစ်ကုန်း၊ ဝါးရိုး၊ မုံကန်နဲ့ ရွှေထုပ်ကန် ရွာက တောင်သူတွေ ပိုင်တဲ့ ကြက်သွန်နီ စိုက်ခင်း ဧက တရာ ကျော် ရေဝင်ပြီးတော့ ပျက်စီးကုန် တယ်လို့ သတင်း ရရှိပါတယ်။

ဝါးရိုးကွင်း၊ မုံရွာကွင်း ရွှေတုတ်ကန် ကွင်းတွေ စနစ်ပြီး နစ်လို့ မနိုင်တဲ့ အတွက် ရေစုပ်စက်နဲ့ မြောင်းဖောက်ရာကနေ မြောင်းကျိုးပြီး ဥသျှစ်ကုန်း ကွင်းထဲထိ ရေအကုန် ဝင်ကုန်တယ်လို့ ဥသျှစ်ကုန်း ရွာသား တယောက်က ပြောပါတယ်။

ကြက်သွန်ခင်းတွေ ရေဝင်ကုန်တဲ့ ကိစ္စကို မြို့နယ် အာဏာပိုင်တွေကို တင်ပြတော့ ကွင်းဆင်း စစ်ဆေးမှု လာလုပ်ပေမယ့် ဒါဟာ တောင်သူတွေဂရုမစိုက်လို့ဖြစ်တာ ဆိုပြီး အရေး ယူမပေး ဘူးလို့ ဆိုပါတယ်။

တောင်သူတွေဘက်ကတော့ စီမံကိန်း တာဝန် ရှိသူတွေဟာ ရေလွှဲတဲ့ နေရာမှာ အသေအချာ မလုပ်လို့ ဖြစ်ရတာလို့ ဒေသခံ တောင်သူ နောက်တယောက်က ပြောပြပါတယ်။

ဥသျှစ်ကုန်းရွာ တရွာတည်းတင် ရေမြုပ်တဲ့ ကြက်သွန်ခင်းရှင်ပေါင်း ၁၇ ဦး ရှိပြီး ဆုံးရှုံးတဲ့ အရင်းအနှီး ပမာဏ သိန်း ၇၀ ကျော် ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

ကျန်တဲ့ ကြက်သွန်ခင်းတွေကလည်း စိမ့်ရေတွေကြောင့် အပင် လုံးဝ မဖြစ်တော့ဘဲ ဆုံးရှုံး ရတော့မယ့် အခြေအနေ ဆိုက်နေတယ်လို့ သိရပါတယ်။

ဆုံးရှုံးသွားတဲ့ တောင်သူတွေက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ အတူ မြို့နယ် အုပ်ချုပ်ရေးမှူးထိ တိုင်ကြားထားပေမယ့် ဘာမှ အကြောင်း မထူးတာကြောင့် အထက် အ ဆင့်ဆင့်ထိ ဆက်လက် တိုင်ကြား သွားမယ်လို့ သတင်း ရရှိပါတယ်။