ABSDF ကျောင်းသားတပ်မတော်နဲ့ အစိုးရ ဆွေးနွေး

  • 9 ဖေဖော်ဝါရီ 2012
Image caption ရန်ကုန်မှာ ဆွေးနွေးဖို့ အစီအစဉ်လည်း ရှိတယ်လို့ ကိုမျိုးဝင်းကပြောပါတယ်

မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး အဖွဲ့က ဦးစောခင်စိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်ဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲ့ ကိုယ်စားလှယ်တွေဟာ မဲဆောက်မြို့မှာ ကြာသပတေးနေ့က ငြိမ်းချမ်းရေးအတွက် ပဏာမ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးကိစ္စ၊ ဒီမိုကရေစီဖေါ်ဆောင်ရေး ကိစ္စ၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေး နည်းအရ အဖြေရှာရေး ကိစ္စတို့အတွက် နှစ်ဘက်အကြား တန်းတူညီတူ ဘယ်လို ဆွေးနွေး နိုင်ကြမလဲ ဆိုတဲ့ အခြေခံတွေနဲ့ ပတ်သက်ပြီး အဓိက ညှိနှိုင်းခဲ့ကြတာ ဖြစ်တယ်လို့ ABSDF ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ABSDF ဒုတိယဥက္ကဌ ကိုမျိုးဝင်းက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက် နိုင်ရေးအတွက်ကို ငြိမ်းချမ်းရေး စားပွဲမှာ တန်းတူညီတူ ဆွေးနွေးနိုင်ဖို့ အတွက်လည်း သဘောတူခဲ့ကြတယ်လို့ ကိုမျိုးဝင်းက ဆက်ပြောပါတယ်။

အခုဆွေးနွေးမှုတွေမှာ နှစ်ဘက်အကြား ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ဆွေးနွေးနိုင် ခဲ့တယ်လို့ ယုံကြည်ကြောင်းကိုလည်း ကိုမျိုးဝင်းက ပြောပါတယ်။

ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ နောက်တကြိမ်ကျရင်တော့ ရန်ကုန်မှာ ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ သူကပြောပါတယ်။

နောက်တခါ တွေ့ဆုံဆွေးနွေးဖို့အတွက် လောလောဆယ်တော့ နှစ်ဦးနှစ်ဘက် အဆင်ပြေမယ့် အချိန်ကို ညှိရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။