ကေအိုင်အေ နဲ့ အစိုးရ စစ်တပ်ကြားတိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ

  • 9 ဖေဖော်ဝါရီ 2012
kia refugee
Image caption ကချင် ဒေသ အတွင်း စစ်ပွဲဒဏ် ကြောင့် ဒုက္ခသည် တွေ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရ

မကြာမီနောက်ထပ် တွေ့ဆုံဆွေးနွေးဖို့ ၂ ဘက် စီစဉ်နေကြပေမယ့် ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ နဲ့ အစိုးရ စစ်တပ် အကြား အခုရက်ပိုင်း အတွင်း တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွား နေ ပါတယ်။

ဗုဒ္ဓဟူးနေ့ ညနေ (၄)နာရီလောက်မှာ ကချင် ပြည်နယ် မံစီမြို့နယ် ဂိုက်ထိပ် အနား က ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၂) နယ်မြေ ( ဂျေဆွမ် )ရွာ အနီးမှာ ကေအိုင်အေ တပ်ရင်း(၁၂) မှ တပ်ဖွဲ့ဝင် တွေ နဲ့ အစိုးရ စစ်တပ် တပ်မ(၉၉)မှ လက်အောက်ခံ တပ်ဖွဲ့ဝင် တွေ ထိတွေ့ တိုက်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။

အဲဒီနေ့ မနက်ပိုင်းမှာ မံစီဖက်ကနေ အစိုးရ စစ်တပ် တပ်မ(၉၉) တပ်ဖွဲ့ဝင်တွေ အင်အား (၂ဝဝ)လောက် မံစီနဲ့ ဂိုက်ထိပ် အကြား က မိုင်းခေါင် ဖက်အထိ တက်ရောက် လာခဲ့ပြီး ညနေပိုင်း မှာတော့ (ဂျေဆွမ်) အနားမှာ အခုလိုထိတွေ့ တိုက်ပွဲ ဖြစ်ပွား ခဲ့တဲ့ အကြောင်း ကေအိုင်အေ ရှေ့တန်းစစ်ဖက် ရပ်ကွက် က ဆိုပါတယ်။

ကေအိုင်အေဖက်က အဝေးထိန်းစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေ အပါအဝင် အပြန်အလှန် ပစ်ခတ် တိုက်ခိုက် ခဲ့ကြမှုတွေအတွင်း ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ကြောင်းသိ ရပေမယ့် အရေအတွက် ကိုတော့ အခုချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အလားတူပဲ ဖေဖော်ဝါရီ လ ၇ ရက် နေ့ အင်္ဂါနေ့ က လည်း ရှမ်းပြည် မြောက်ပိုင်း အတွင်းရှိ ကေအိုင်အေ တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၃၆) နဲ့ တပ်ရင်း(၉) နယ်မြေတွေ အတွင်းမှာ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ နဲ့ အစိုးရစစ်တပ်တွေ အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ ပါတယ်။

မုံးကိုးမြို့နယ်ခွဲ အတွင်းရှိ ကေအိုင်အေ တပ်ရင်း (၃၆) ကတော့ အနည်းငယ်ဆုတ်ခွာ ပေးလိုက်ရကြောင်း သိရပြီး မူဆယ်မြို့နယ် နဲ့ကွတ်ခိုင်မြို့နယ် အစပ် အထိ ရှိတဲ့ ကေအိုင်အေတပ်ရင်း (၉) နဲ့ ကတော့ အင်္ဂါနေ့နေ့လည် (၂)နာရီ လောက် ကနေ ညနေ (၅)နာရီကျော်အထိ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တယ် လို့ ကေအိုင်အေ ဖက် က အဆိုအရ သိရပါတယ်။