ဦးဂမ္ဘီရကို အာဏာပိုင်တွေ ခေါ်ဆောင်သွား

  • 10 ဖေဖော်ဝါရီ 2012
U Gambira
Image caption ဆရာတော် ဦးဂမ္ဘီရ

မကြာခင်ကမှ ပြန်လွတ်လာတဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုရဲ့ ဦးဆောင် သံဃာ တပါးဖြစ်သူ အရှင် ဂမ္ဘီရကို သောကြာနေ့ မနက် အစောကြီး ပိုင်းမှာ သူယာယီ သတင်း သုံးနေတဲ့ လယ်တီ တိုက်ကနေ အာဏာ ပိုင်တွေက လာခေါ်သွားတယ်လို့ ဆရာ တော်ရဲ့ အကို ဖြစ်သူက ဘီဘီစီကို ပြော ပြပါတယ်။

၂၀၀၇ သံဃာ့လှုပ်ရှားမှု မှာ ဦးဆောင်သူ တဦးအဖြစ် ပါဝင်ခဲ့ဘူးတဲ့ အရှင်ဂမ္ဘီရ ကို လာရောက် ခေါ်ဆောင်သွားသူ တွေ က သူတို့ ကိုယ် သူတို့ သာသနာရေး ဦးစီးဌာန က လို့ ပြောသူတွေလည်း ပါဝင်သလို ရန်ကုန်တိုင်းဒေသကြီး အစိုးရ က လို့ ပြောသူတွေ လည်း ပါဝင်ကြောင်း လယ်တီတိုက် က သံဃာ တပါး က ဘီဘီစီ ကို ပြောပါတယ်။

ဘယ်ကို ခေါ်သွားမှာလဲ ဆိုတာ ကို မပြောကြောင်းနဲ့ အရှင် ဂမ္ဘီရ ယူဆောင်သွားတဲ့ ဖုန်း ကို လည်း ဆက်သွယ်လို့ မရတော့ ကြောင်း လည်း အဲဒီ ဦးဇင်း က ပြောပါတယ်။

ဆရာတော် ဦးဂမ္ဘီရဟာ ဇန်နဝါရီ လ မှာ သူပြန်လွတ်လာပြီး တဲ့ နောက်ပိုင်း ချိတ်ပိတ် ခံထားရတဲ့ မဂ္ဂင်ကျောင်း အပါအဝင် ကျောင်းတိုက် တချို့ကို ပြန်လည် ဖွင့်လှစ် ပေးခဲ့ပါတယ်။

အဲဒီအတွက် မဂ္ဂင်ကျောင်းကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ အပတ်က တခါ ပြန် ချိတ်ပိတ်ပြီး ဦးဂမ္ဘီရ အပါအဝင် သံဃာတော် တချို့နဲ့ ကပ္ပိယတွေကို ကျောင်းကနေ နှင်ထုတ်ခဲ့ပါတယ်။

အဲဒီနောက် ဆရာတော် ဦးဂမ္ဘီရနဲ့ သံဃာတော်တွေဟာ သင်္ဃန်းကျွန်းက လယ်တီကျောင်းမှာ ခေတ္တ သီတင်းသုံး နေထိုင်နေပြီး ခုအဲဒီ ကျောင်းကနေ အာဏာပိုင်တွေရဲ့ ခေါ်ဆောင်သွားခြင်း ကို ခံခဲ့ ရတာ ဖြစ်ပါတယ်။