တရုတ်ဘက် ရောင်းစားခံရမှု ရာနှုန်း များပြား

  • 10 ဖေဖော်ဝါရီ 2012

၂၀၁၁ ခုနှစ် အတွင်း ဖြစ်ခဲ့တဲ့ လူကုန်ကူးမှု ၆၉ ရာခိုင်နှုန်းဟာ တရုတ် နိုင်ငံကို ရောင်းစား ခံခဲ့ကြရတာ ဖြစ်တယ်လို့ လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟို အဖွဲ့က တာဝန်ရှိသူ တစ်ယောက် ဖြစ်တဲ့ နိုင်ငံ ဖြတ်ကျော် မှုခင်း ဌာနမှူး ရဲမှူးကြီး ဦးစိုးမြိုင်က ဘီဘီစီကို ပြောပါတယ်။

Image caption တရုတ်မှာ မိန်းကလေး ရှားပါးမှုက မြန်မာ အမျိုးသမီးတွေ ရောင်းစားခံရတဲ့ အကြောင်း တစ်ရပ်ဖြစ်

ပြီးခဲ့တဲ့ နှစ် အတွင်း မှာ အရေးယူ ခဲ့တဲ့ အမှုပေါင်း ၁၃၅ မှု ရှိပြီး တရားခံ ၃၅၀ ကျော်ကို ဖမ်းဆီး အရေးယူ ခဲ့တဲ့ အပြင် လူကုန်ကူးခံရသူ ၂၆၅ ယောက် ကိုလည်း ကယ်တင်နိုင် ခဲ့တယ်လို့ သူက ပြောပါတယ်။

မနှစ်က လူကုန်ကူးခံရတဲ့ အမှုတွေ ထဲမှာ တရုတ်နိုင်ငံဘက်ကို သူတို့ သမီးအဖြစ် ရောင်းစား ခံခဲ့ရတာ အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံးက ပြည်တွင်းမှာပဲ ဖြစ်ခဲ့ကြတာလို့ ရဲမှူးကြီးက ပြောပါတယ်။

တရုတ် နိုင်ငံဘက်ကို ရောင်းစားတဲ့ ဖြစ်ရပ် အဖြစ်များ ရတာက သူတို့ ဘက်က အမျိုးသား အမျိုးသမီး အချိုး အစား မမျှတဲ့ အတွက် အမျိုးသားတွေ အိမ်ထောင်ဘက် ရှာရတာ မလွယ်လို့ အိမ်နီးချင်း နိုင်ငံဘက်က သူတို့သမီး ဝယ်ယူတဲ့ ဓလေ့ ရှိနေတာက တကြောင်း မြန်မာ နိုင်ငံဘက် ကလည်း ယဉ်ကျေးမှုချင်း နီးစပ်တဲ့ ရှမ်းပြည် မြောက်ပိုင်းလို ဒေသက အမျိုး သမီး တွေက လွဲမှားတဲ့ အယူ အဆမျိုးရှိနေတာက တကြောင်း တို့ကြောင့် ဖြစ်တယ်လို့ ရဲမှူးကြီး ဦးစိုးမြိုင်က ပြောပါတယ်။

လူကုန်ကူး ခံရမှုတွေ ပပျောက်ရေး အတွက် အထူး အဖွဲ့တွေ ဖွဲ့စည်းထားပြီး အလိုအပ်ဆုံး နေရာတွေမှာ အထူး စီမံကိန်းတွေ အပါအဝင် အသိပညာ လွဲမှားမှု တွေကို ပညာပေးတဲ့ လုပ်ငန်းတွေမှာ အစိုးရပိုင်းကရော အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေကပါ ပူးပေါင်း ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

ဘယ်သူမဆို လူကုန်ကူး ခံရသူ အဖြစ် မသင်္ကာဘူးဆိုရင် အစိုးရက ဖွင့်လှစ်ထားတဲ့ အထူး တယ်လီဖုန်း တွေကို ခေါ်ဆို အကြောင်းကြားရင် ချက်ချင်း အရေးယူဆောင်ရွက်ပေး ပါ့မယ်လို့လည်း ရဲမှူးကြီး ဦးစိုးမြိုင်က ပြောပါတယ်။

ဆက်သွယ် တိုင်ကြားနိုင်တဲ့ တယ်လီဖုန်း နံပတ်တွေကတော့ ရန်ကုန် အတွက် ၀၉၄၉၅၅၅၈၈၈၊ ၀၉၄၉၅၅၅၉၉၉ ကို ဆက်သွယ်နိုင်သလို နေပြည်တော် အတွက်၀၆၇၄၁၂၅၅၅၊ ၀၆၇၄၁၂ ၆၆၆ ကို ဆက်သွယ်နိုင် ပါတယ်။ မန္တလေး အတွက်တော့ ၀၉၄၉၅၅၅၇၇၇ ကို ဆက်သွယ်နိုင်ပြီး မူဆယ် အတွက် ဆိုရင် ၀၉၄၉၅၅၅၆၆၆ ကို ဆက်သွယ် တိုင်ကြား နိုင်တယ်လို့ လည်း သူက ပြောပါတယ်။