အရှင်ဂမ္ဘီရ ဝန်ခံကတိ ပေးခဲ့ရသလား

  • 11 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဝတ်နည်းတော်နဲ့ အညီနေပါ့မယ် ဆိုတာကို မဟနထံ မှာ လက်မှတ် ထိုးပေးခဲ့ရပါတယ်

ဖေဖေါ်ဝါရီ ၁၀ ရက် သောကြာနေ့ မနက် ၂ နာရီ လောက်က ရန်ကုန်တိုင်း အုပ်ချုပ်ရေး အဖွဲ့က ပင့်ဆောင်ခေါ်ယူသွားတဲ့ ၂၀၀၇ သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင် ဆရာတော် တပါးဖြစ်သူ အရှင်ဂမ္ဘီရအနေနဲ့ ဝတ်နည်း တော်နဲ့အညီ နေပါ့မယ် ဆိုတာကို နိုင်ငံ တော် သံဃာ့မဟာနာယကထံမှာ လက်မှတ် ရေးထိုး ပေးခဲ့တယ်လို့ သိရပါတယ်။

ဦးဂမ္ဘီရကို အဲဒီနေ့က ရန်ကုန်တိုင်း အုပ်ချုပ်ရေး အဖွဲ့ရုံးမှာ ၂ နာရီ နီးပါး စစ်ဆေးခဲ့ပြီးနောက်၊ ညဖက် အချိန်ရောက်တော့ ကမ္ဘာအေး မဟနရုံးကို ခေါ်သွားကြောင်း အရှင်ဂမ္ဘီရရဲ့ အမတော် မခင်သူဌေးက ဘီဘီစီကိုပြောပါတယ်။

၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အချက် ၁၀ ချက်ပါ လျှောက်ထားချက်ကို အရှင်ဂမ္ဘီရကနေ မဟနထံ လျှောက်ထားခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီနောက်မှာတော့ မဟနက ရှင်ဂမ္ဘီရကို ဝိနည်းတော်နဲ့ အညီနေပါဆိုတာကို လက်မှတ် ထိုးခိုင်းရာမှာ အရှင်ဂမ္ဘီရကလည်း သူ့အနေနဲ့ အခုလည်း ဝိနည်းနဲ့အညီ နေထိုင် နေတာဖြစ်လို့ လက်မှတ်ထိုးပေးခဲ့ကြောင်း မခင်သူဌေးက ပြောပါတယ်။

ည ၉နာရီ လောက်မှာတော့ နှစ်ဘက်အကြား အားလုံးအဆင်ပြေသွားကြတဲ့အတွက် ရှင်ဂမ္ဘီရကို သူ သီတင်းသုံးတဲ့ သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းတိုက်ဆီကို ပြန်ပို့ပေးခဲ့ ပါတယ်။

ဆရာတော် ဦးဂမ္ဘီရဟာ ၂၀၀၇ သံဃလှုပ်ရှားမှု အပြီး ထောင်ဒဏ် ၆၈ နှစ် ချမှတ် ခံရပြီး နောက် ဇန်နဝါရီလ ၁၃ ရက်နေ့ကမှ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် နဲ့ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဆရာတော် ထောင်ကနေလွတ်လာတော့ အာဏပိုင်တွေ ချိပ်ပိတ်ထားတဲ့ သူတို့မူလ သီတင်းသုံးတဲ့ မဂ္ဂင်ကျောင်းတိုက်ကို ကိုယ့်သဘောနဲ့ကိုယ် ချိပ်ဖွင့်ဝင်ရောက် နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြားချိပ်ပိတ်ထားတဲ့ ကျောင်းသုံးကျောင်းကိုလည်း ချိပ်တွေဖွင့်ပြီး နေထိုင်စေခဲ့ တာကြောင့် နိုင်ငံတော် သံဃာ့မဟာနာယကက အရှင်ဂမ္ဘီရကို ၃ ကြိမ် တိုင်တိုင် ခေါ်ယူခဲ့ ပေမယ့်လည်း ဆရာတော်က မကြွရောက်တာကြောင့် ခုလိုခေါ်ယူ စစ်ဆေးခံရတာ ဖြစ်တဲ့ အကြောင်း အတူ သီတင်းသုံးဖေါ်တွေက မိန့်ပါတယ်။

သာသနာရေး ဦးစီးဌာနကတော့ သူတို့ခွင့်ပြုချက်မရဘဲ ချိပ်ဖွင့်ဝင်ရောက်နေထိုင်ခဲ့တဲ့ ကျောင်းတွေကို ဖေဖေါ်ဝါရီ ၄ ရက်နေ့က ပြန်လည် ချိပ်ပိတ်ခဲ့ပြီးတော့ သောကြာနေ့ ညနေပိုင်းမှာတော့ မဂ္ဂင်ကျောင်းတိုက် အပါအဝင် တခြားကျောင်းတွေကို တရားဝင် ပြန်လည် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။