သံတွဲ မြို့မစျေးကြီး မီးလောင်မှုဖြစ်ပွား

  • 11 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption ဆုံးရှုံးမှု သိန်းပေါင်း သောင်းချီ ရှိနိုင်တယ်လို့ ဒေသခံ တွေက ခန့်မှန်းပြောဆိုနေကြ

ရခိုင်ပြည်နယ် သံတွဲမြို့ မြို့မစျေးကြီး စနေနေ့ မနက်အစောပိုင်းက မီလောင်ခဲ့တဲ့ အတွက် ဆိုင်ခန်းပေါင်း ၇၀၀ ကျော်မီးထဲ ပါသွားတယ်လို့ သိရပါတယ်။

မနက် ၅ နာရီခွဲက ငါးစျေးတန်းဘက်က စတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုကြောင့် ဈေးတစ်ခုလုံးနီးပါး မီးထဲပါသွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့်လည်း မီးဘယ်လို စတင် လောင်တယ် ဆိုတာကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မီးသတ်ကားတွေနဲ့ မြို့သူမြို့သားတွေက ဝိုင်းဝန်းငြှိမ်းသတ်ကြတဲ့အတွက် မနက် ၇ နာရီ ခွဲခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။ စျေးတခုလုံးနီးပါး မီးသွားတဲ့ အတွက် သိန်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံးနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း စျေးကြီးတွေ မီးလောင်မှုတွေထဲမှာ အခုသံတွဲစျေး မီးလောင်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ကလည်း မင်းပြားစျေးကြီး မီးလောင်ခဲ့တဲ့ အတွက် ဆိုင်းခန်းပေါင်း ၅၆၇ ခန်း မီးထဲပါသွားခဲ့ဖူးပါတယ်။