မြောက်ပိုင်း တွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့

  • 12 ဖေဖော်ဝါရီ 2012
absdf_nb ဓာတ်ပုံ မူပိုင် fb thein myat
Image caption မန္တလေးမှာ လုပ်တဲ့ အခမ်း အနား က နဖူးစည်း ခေါင်းစဉ်

မန္တလေး က မြဝတီ မင်းကြီး ကျောင်းတိုက် မှာ မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရ နေ့ အခမ်း အနား ကို ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ တနင်္ဂနွေနေ့ က ပထမဆုံး အကြိမ် အဖြစ် ပြုလုပ်ခဲ့ ပါတယ်။

အေဘီအက်စဒီအက် မြောက်ပိုင်းအဖွဲ့ မှာ အစိုးရ သူလျှို လို့ စွပ်စွဲ သတ်မှတ်ပြီး လူအများ အပြား အသတ်အဖြတ် ခံခဲ့ရတဲ့ အနှစ် ၂၀ မြောက် နှစ်ပတ်လည် နေ့ အဖြစ် ကျင်းပ ကြတာ လည်း ဖြစ် ပါတယ်။

စွပ်စွဲခံကြရပြီး ပြန်လည် လွတ်မြောက်လာကြသူတွေ ၊ ဆုံးပါးခဲ့ကြတဲ့ သူတွေရဲ့မိသားစု ဝင်တွေ အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ က ခေါင်းဆောင် အချို့လည်း ဒီအခမ်း အနား ကို တက်ရောက် ကြကာ စုစုပေါင်း လူ ၅၀၀ လောက် တက်ရောက် တယ်လို့ လည်း သိရပါတယ်။

အခု အခမ်းအနား ကို ဦးဆောင် ကျင်းပတဲ့သူတွေ ထဲမှာ တဦးအပါအဝင် ဖြစ်ပြီး အဲဒီ ကာလ က အေဘီအက်စဒီအက်ဖ မြောက်ပိုင်း က ဗဟိုကော်မီတီ ဝင် တဦး ဖြစ်၊ အစွပ်စွဲ ခံခဲ့ရပြီး အဖမ်းခံခဲ့ရကာ ပြန်လည် လွတ်မြောက်လာသူ တဦးလည်း ဖြစ်တဲ့ ကိုညီညီကျော် က အဲဒီ အချိန် က အေဘီအက်စဒီအက်ဖ မြောက်ပိုင်းမှာ လူ ၃၀၀ ကျော်လောက်ရှိပြီး အဲဒီထဲ က လူ ၁၀၆ ဦး ဟာ သူလျှိုမှု နဲ့ ဖမ်းဆီးခံရပြီး နှိပ်စက်ခံခဲ့ရတယ် လို့ ဘီဘီစီ ကို ပြော ပါတယ်။

အဲဒီ ထဲ က စုစုပေါင်း လူ ၃၅ ဦး သေဆုံးခဲ့ပြီး ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှာ ၁၅ ဦး က ခေါင်းဖြတ်သတ်ဖြတ်တာ ခံခဲ့ကြရတယ် လို့ လည်း သူ က ပြောပါတယ်၊ ၇၁ ဦး ကတော့ အသက် မသေပဲ ပြန်လည် လွတ်မြောက်ခဲ့တယ် လို့ လည်း သူ က ပြောပြပါတယ်။

အခုအခမ်းအနား ကျင်းပ ရတဲ့ ရည်ရွယ်ချက် တွေ ထဲမှာ စွပ်စွဲခံခဲ့ရသူတွေ၊ သေဆုံးခဲ့တဲ့ ကျောင်းသား တွေ လူငယ်တွေ ကို ဂုဏ်ပြုတာ၊ သမိုင်းအမှန် အတိုင်း မှတ်တမ်းကျန်ဖို့ ရည်ရွယ်တာ စတာ တွေ ပါဝင် ပါတယ်။

အခုလို အနှစ် ၂၀ ပြည့်မှ ဒီ အခမ်းအနား ကို လုပ်ရတာ ကလည်း အခုလို ကာလ မှာ မီဒီယာ အပါအဝင် ပြောင်းလဲလာတဲ့ အခြေအနေ တွေကြောင့် လုပ်နိုင်တာဖြစ်ကြောင်းကိုညီညီကျော် က ဘီဘီစီ ကို ပြောပြပါတယ်။