၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

  • 12 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption NLD ရွှေဂုံတိုင် ရုံးချုပ်မှာလည်း ၆၅ နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ၆၅ နှစ် မြောက် ပြည်ထောင်စုနေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန်က ပြည်သူတွေအနေနဲ့ ပြည်ပ အားကိုးလိုတဲ့ စိတ်ဓါတ်တွေကို ပယ်ဖျောက် ပြီး ကိုယ့်ပြည်တွင်းအားကို အားကိုးကာ တိုင်းပြည်ကို ခိုင်မာအောင် တည်ဆောက် ကြဖို့ သူ့ရဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာ မှာ ဖေါ်ပြထားပါတယ်။

နောက်ပြီး ထာဝရ ငြိမ်းချမ်းရေးကို အကောင် အထည်ဖေါ်ဖို့အတွက် ပြည်သူ တရပ်လုံးက ပူပေါင်းပါဝင်ဖို့ လိုကြောင်းကိုလည်း ဖေါ်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရွှေဂုံတိုင် ရုံးချုပ်မှာလည်း ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို NLD က ဦးစီးပြီး တနင်္ဂနွေနေ့ မနက် ၁၁ နာရီ လောက်မှာ စတင်ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးဟာ တဆက်တစပ်တည်း ဖြစ်ကြောင်း မိန့်ခွန်း ပြောကြားသွားပြီး၊ နေ့လည် တနာရီလောက်မှာ အခမ်းအနား ပြီးဆုံးပါတယ်။

ဒီကနေ့ည ၅ နာရီခွဲအချိန်မှာတော့ NLD ခေါင်းဆောင်တွေ၊ CRPP အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲမှာ ပြည်ထောင်စုနေ့ ညစာစားပွဲ ကျင်းပခဲ့ပါတယ်။