ဗိုလ်ချုပ်မွေးနေ့ ကလေးများနေ့ အခမ်းအနားတွေကျင်းပ

  • 13 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အန်အဲဒီရုံးချုပ်က ကလေးများနေ့ အခမ်းအနား

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ဟာ မြန်မာနိုင်ငံကလေးများနေ့ အဖြစ်သတ်မှတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၇နှစ်မြောက်မွေးနေ့ဖြစ်တာကြောင့် ရန်ကုန်အပါအ၀င် နယ်မြို့တွေမှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲတွေကျင်းပခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရန်ကုန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးက မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားမှာ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနဲ့ ဗိုလ်ချုပ်မိန့်ခွန်းဟောပြောပြိုင်ပွဲတွေ ကျင်းပခဲ့ပြီး ကလေးငယ် ၁၀၀ ကျော်ကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အန်အယ်လ်ဒီပါတီသဘာပတိအဖွဲ့၀င် ဦးတင်ဦးကိုယ်တိုင် အမှာစကားပြောခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆုရကလေးငယ်တွေကို ဂုဏ်ပြုလက်ဆောင်ပေးခဲ့ပါတယ်။

ခုခေတ်ကလေးငယ်တွေသင်ကြားရတဲ့ သင်ရိုးညွန်းတန်းတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကြောင်းဟာ ပါတယ်ဆိုယုံလောက်ဘဲပါတော့တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုဂဃနဏ သိတဲ့ကလေးနည်းလာပြီလို့ မြောက်ဥက္ကလာ အမေ့အိမ်အခမဲ့ စာသင်ကျောင်းက ဆရာဦးအေးမြင့်က ဆိုပါတယ်။

ဒါ့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ကလေးတွေမမေ့အောင် ခုလိုပြောတတ်ဆိုတတ်အောင် သူတို့အနေနဲ့ သီးသန့်အချိန်ပေးပြီး သင်နေရပါတယ်လို့ ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကလည်း အလားတူအခမ်းအနားတရပ် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

မန္တလေး၊ညောင်ဦးမြို့နဲ့ ရေနံချောင်းမြို့တွေမှာလည်း ဗိုလ်ချုပ်မွေးနေ့ အခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။