မြန်မာ ဖွံ့ဖြိုးရေး ပေါ်လစီ နှီးနှော ဖလှယ်ပွဲ စတင်

  • 13 ဖေဖော်ဝါရီ 2012

ကုလ သမဂ္ဂက ကြီးမှူး တဲ့ မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မူဝါဒ ချမှတ်ရေးဆိုင်ရာ သုံးရက်တာ နှီးနှော ဖလှယ်ပွဲကို နေပြည်တော်မှာ တနင်္လာနေ့က စတင်ကျင်းပခဲ့ ပါတယ်။

Image caption ဖွံ့ဖြိုးရေး နှီးနှော ဖလှယ်ပွဲ ကနေ မူဝါဒတွေ ချမှတ် နိုင်မယ်လို့ ကုလ သမဂ္ဂ မျှော်လင့်

နှီးနှော ဖလှယ်ပွဲ အဖွင့်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အကြံပေး အရာရှိ မစ္စတာ ဗီဂျေး နမ်ဘီးယားက တက်ရောက် မိန့်ခွန်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာ နိုင်ငံမှာ အခု ပြုလုပ်တဲ့ ဖွံ့ဖြိုးရေး မူဝါဒ ဆွေးနွေးပွဲ ကနေ မူဝါဒ အသစ်တွေ ချမှတ် နိုင်မယ်လို့ မျှော်လင့် တယ်လို့ မစ္စတာ မန်ဘီးယားက စတင် ပြောတဲ့ အကြောင်း အဲဒီ နှီးနှော ဖလှယ်ပွဲကို တက်ရောက် ခဲ့သူ မင်္ဂလာ မြန်မာ အဖွဲ့က ဒေါက်တာ ဖုန်းဝင်းက ပြော ပါတယ်။

ချမှတ် ပြီးတဲ့ မူဝါဒတွေကို လက်တွေ့ အကောင် အထည် ဖော်တဲ့ နေရာ မှာလည်း အချက် သုံးချက်ကို တိုက်တွန်း သွား တယ်လို့ သူက ပြောပါတယ်။

အဲဒါတွေ ကတော့ လူတွေ အများစု ပါဝင်မှုကို အကြောင်းပြုပြီး အင်အား ရယူဖို့၊ အချင်းချင်း ပူးပေါင် ဆောင်ရွက်ပြီး အင်အား ရှိအောင်လုပ်ကြဖို့နဲ့ အချင်းချင်း ညီညီ ညွတ်ညွတ် အင်အား တည်ထောင်ဖို့ စတာတွေ ဖြစ်ပြီး ဒီ အခြေခံ အချက်သုံးချက်ကို တည်ဆောက် နိုင်မယ် ဆိုရင် မဖြစ်နိုင်ဘူးလို့ ယူဆ ထားတာတွေ ကိုတောင် အောင်မြင်နိုင် လိမ့်မယ်လို့ ပြောသွားကြောင်း ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။

နှီးနှော ဖလှယ်ပွဲ ကို မြန်မာ အစိုးရ ဘက်က ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ စက်မှု ဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီး၊ ပညာရေး ဝန်ကြီး စတဲ့ ဝန်ကြီးတွေ အပါအဝင် ဝန်ကြီး ဌာန အသီးသီးက ဝန်ကြီး တွေ တက်ရောက် ခဲ့သလို ကုလသမဂ္ဂ ဘက်ကတော့ မစ္စတာ ဗီဂျေး နမ်ဘီးယား အပြင် UNDP လက်ထောက် အတွင်းရေးမှူးချုပ် မစ္စတာ ဂျေအေ ချီဘား၊ နိုဘယ် ဆုရှင် စီးပွားရေး ပါမောက္ခ ဂျိုးဇက်ဖ် စတစ် ဂလစ်ရှ်နဲ့ ပြည်တွင်း ပြည်ပက ပညာရှင်တွေ တက်ရောက် ခဲ့ကြ ပါတယ်။