ရွေးကောက်ပွဲ မျှတရင် ပိတ်ဆို့မှု ရုပ်သိမ်းရေး စဉ်းစားသင့်

  • 14 ဖေဖော်ဝါရီ 2012
assk german ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲ လွတ်လပ်မှု အရေးကြီး

ဂျာမဏီနိုင်ငံ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဒတ်ခ် နီးဘဲလ်နဲ့ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့ က ရန်ကုန်မြို့ ဒေါ်စုရဲ့နေအိမ်မှာ ဆွေးနွေး စကားပြောကြပြီးနောက် သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ပါတယ်။

ဒီရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာအတွက် အတိုင်းအတာတခု အထိ အရေးပါတဲ့ ဥရောပရဲ့ စီးပွားရေးပိတ်ဆို့မှု ရင်းနှီးမြုပ်နှံမှုတွေ အကြောင်းတွေကို ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရွေးကောက်ပွဲ ကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ အဖြစ်ကျင်းပပြီးရင် ရုပ်သိမ်းဖို့ စဉ်းစားသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီပြောဆိုချက်ဟာ အမေရိကန်ဘက်က ပြောဆိုမှုနဲ့လည်း တထပ်တည်းကျပါတယ်။ မြန်မာအစိုးရဘက်ကလည်း ဒီသဘောထားကို နှစ်သက်ကြိုဆိုမယ်လို့ ယူဆဖွယ်ရှိပါတယ်။ ဥရောပသမဂ္ဂဘက်ကလည်း ဟန်ချက်ညီညီ ပြောဆိုတုန့်ပြန်သွားတာကို တွေ့ရပါတယ်။ ဂျာမနီဝန်ကြီး ဒတ်ခ် နီးဘဲလ်က ရွေးကောက်ပွဲရဲ့ တရားမျှတမှု၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမပေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုတွေ လုပ်မလုပ် ဆိုတဲ့ အချက်တွေနဲ့ တိုင်းတာမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ လာရောက်ရင်းနှီးမြုပ်နှံဖို့ အတွက် လုံခြုံစိတ်ချရတဲ့ အနေအထားမရှိသေးဘူးလို့တော့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုပါတယ်။

ဒါ့အပြင် တရားစီရင်ရေး လွတ်လပ် မျှတမှု ရှိဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာတွေထဲမှာ တရားစီရင်ရေး လွတ်လပ် မျှတမှု မရှိတာဟာ အဓိကပြဿနာတခုလို့ NLD က တစိုက်မတ်မတ် ပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းမြောက်များစွာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု နည်းပါးခဲ့တဲ့ တရားစီရင်ရေးစနစ်ကို ဘယ်နည်း ဘယ်ပုံ ပြုပြင်ကြမယ်ဆိုတဲ့ အဆိုပြုချက်မျိုးကိုတော့ အာဏာရ အစိုးရဘက်ကရော အတိုက်အခံဘက်ကရော တင်ပြလာတာမျိုးတော့ မရှိသေးပါဘူး။