ဥရောပ သမဂ္ဂ နဲ့ မြန်မာအပေါ် အရေးယူ ဆောင်ရွက်မှု

  • 14 ဖေဖော်ဝါရီ 2012
andris Piebalgs
Image caption ဥရောပ သမဂ္ဂ ရဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ ကော်မရှင် မင်းကြီး

ဥရောပ သမဂ္ဂ ရဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ ကော်မရှင်နာ မင်းကြီး အွန်ဒရေ ပီးဘော့က်စ က မြန်မာနိုင်ငံ ကို ချမှတ် ထားတဲ့ အီးယူ ရဲ့ ဆန်ရှင် အရေးယူမှု တွေ ကို ရုပ်သိမ်း လိုတဲ့ သဘော ပြော ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာ အစိုးရ သမ္မ တ နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ တို့ ကို တနင်္လာနေ့ က တွေ့ဆုံခဲ့တဲ့ အီးယူ ဖွံ့ဖြိုးရေး ဆိုင်ရာ ကော်မရှင်နာ မင်းကြီး မစ္စတာ ပီးဘော့က်စ် က မြန်မာ အပေါ် ဆန်ရှင် ရုပ်ဖို့ ဆန္ဒရှိနေပြီ လား ဆိုတဲ့ ဘီဘီစီရဲ့ အမေး ကို သူ့ အနေနဲ့ ဆန္ဒ ရှိနေပြီ ဖြစ်တဲ့အကြောင်း နဲ့ ဆန်ရှင် ဟာ ထိရောက်ပြီး အားပါတဲ့ အရာဖြစ်တယ်၊ ဆန်ရှင် ချမှတ် ဖို့ လွယ်ကူ ခဲ့ပေမယ့် ဆန်ရှင် ဖြုတ်ပေးဖို့ အတွက် လက်တွေ့မှာ တော့ မေးခွန်းများ စွာ ကို ဖြေရမှာ၊ လူအတော် များများ ကို ညှိနှိုင်းဆောင်ရွက် ရမှာ တွေ ရှိတယ်၊ ဒီတော့ လွယ်လွယ်ကူကူ တော့ ဖြစ်လာဦးမှာ မဟုတ်ဘူး လို့ သူ က ဖြေပါတယ်။

မြန်မာနိုင်ငံ ရဲ့ ပြောင်းလဲနေတဲ့ အခြေအနေ တွေ ကို ကိုယ်တိုင် လာရောက်ဆန်းစစ် ခဲ့တဲ့ သူ က အသွင်ကူးပြောင်း လာတာ တွေ က အလိုအလျောက် ဖြစ်လာတာ မဟုတ် ကြောင်း လူတိုင်း က ပြောကြပါတယ်၊ ပြောင်းလဲမှု အတွက်လျှောက်ရမယ့် လမ်းကြောင်း က ရှည်ပါမယ်၊ အချိန် လည်း အတော်ယူ ရပါလိမ့်မယ်၊ တချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲမှု လုပ်ရ တာ ဟာ ခက်ခဲ ပါတယ်။ ဒါကြောင့်မို့ အခုလို အချိန်မှာ ထိပ်တန်း ကနေ ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်ဆောင် နေတဲ့ မြန်မာ သမ္မတ နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ တို့ လို လူမျိုး တွေ ကို အားပေးဖို့လည်း လို နေ ပါတယ် လို့ ဥရောပသမဂ္ဂ ရဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ ကော်မရှင်နာ မင်းကြီး က ပြောပါတယ်။

ဥရောပ သမဂ္ဂ ရဲ့ အခြေအနေ က လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ကို စောင့်ကြည့် အကဲဖြတ် စရာ အဖြစ်အပျက် တခု အဖြစ် စောင့်ကြည့် နေကြတာပါ။

တကယ်လို့သာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတ ပါတယ် လို့ သတ်မှတ် ခံ ရမယ် ဆိုရင်တော့ ဥရောပ သမဂ္ဂ က မြန်မာပြည် အစိုးရ အတွက် ဆုလာဘ် တွေ ပေးလာမယ့် အချိန်က သိပ်မဝေး တော့ဘူး လို့ ဆိုရမှာ ပါ။