လယ်သိမ်းခံ မိသားစု ခြိမ်းခြောက်နှောက်ယှက်ခံရ

  • 14 ဖေဖော်ဝါရီ 2012
Farmers ဓာတ်ပုံ မူပိုင် AFP
Image caption လယ်သိမ်းမှုဖြစ်ရပ်များ အများအပြားရှိ

ဒဂုံ အရှေ့ ပိုင်းမြို့နယ်၊ ထောင်တလုပ် ကျေးရွာက လယ်သမား မိသား တစ်စုကို စိုက်ပျိုး မွေးမြူရေး ကုမ္ပဏီတစ်ခုက လာရောက် နှောက်ယှက် ခြိုးခြောက်မှု လုပ်ခဲ့တယ်လို့ လယ်သမား မိသားစုက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဆင်းရွှေလီ ကုမ္ပဏီ ဘက်ကနေ ဦးဆောင်တဲ့ လူ ၈၀ လောက် အဖွဲ့ဟာ လယ်သမား မိသားစု နေထိုင်ရာ လယ်တဲဆီကို လာရောက်ပြီး မိသားစု ဝင်တွေကို ခြေထောက်နဲ့ ကန် ကြောက်တာ၊ ဓားနဲ့ ချိန်ရွယ်တာတွေ လုပ်ခဲ့တယ်လို့ လယ်သမား ဦးတင်အေးက ပြောပါတယ်။

ဒီကုမ္ပဏီ အပါအဝင် ကုမ္ပဏီတချို့ဟာ ပြီးခဲ့တဲ့ ၃ နှစ်လောက်က လယ်သမားတွေနဲ့ အကျိုးတူ လုပ်ဖို့ အစိုးရက ခွင့်ပြုထားပေမယ့် နောက်ပိုင်း လယ်တွေ သိမ်းယူခဲ့ တယ်ဆိုပြီး လယ်သမား တွေက စွပ်စွဲကာ တိုင်တန်းမှုတွေ လုပ်ခဲ့ကြပါတယ်။

နောက်ပြီး အခုလို ခြိမ်းခြောက်မှု လုပ်တဲ့ ဖြစ်ရပ် မတိုင်ခင်နေ့က လယ်ယာမြေ ပြန်လည် ရရှိရေးအတွက်ဆိုပြီး ရှေ့နေ ဦးဖိုးဖြူ ဦးဆောင်ကာ လယ်သမားတွေ အစည်း အဝေး လုပ်ခဲ့ကြပါတယ်။ အဲဒီမြို့နယ်က လယ်သိမ်းခံ လယ်သမား စုစုပေါင်း ၆၀၀ လောက်ထဲက အများအပြား တက်ရောက် ခဲ့ကြပါတယ်။

ဦးတင်အေးဟာ ထောင်တလုပ်ကျေးရွာက လယ်သိမ်းခံ လယ်သမားတွေရဲ့ ခေါင်းဆောင် အဖြစ် ဆောင်ရွက်နေတဲ့အတွက် ကုမ္ပဏီဘက်က မကျေမနပ်ဖြစ်ပြီး အခုလို လာရောက် နှောက်ယှက်တာ ဖြစ်နိုင်တယ်လို့လည်း ဦးတင်အေးက ပြောပါတယ်။

ခြိမ်းခြောက်မှုတွေအပေါ် သက်ဆိုင်ရာ ရဲစခန်းကိုလည်း တိုင်ကြားထားပြီး အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်ကို တိုင်ကြားဖို့ ရှိတယ်လို့လည်း ဦးတင်အေးက ပြောပါတယ်။