တိုင်ရီ အလုပ်သမား တချို့ ဆက်သပိတ်မှောက်

  • 15 ဖေဖော်ဝါရီ 2012
worker
Image caption အလုပ်သမား တချို့ ဆက်သပိတ် မှောက်မယ်ပြော

ရန်ကုန်တိုင်းလှိုင်သာယာ စက်မှုဇုံ (၃) က တိုင်ဝမ် နိုင်ငံသားပိုင် တိုင်ရီ ဖိနပ် စက်ရုံက အလုပ်သမားတွေ ဆန္ဒ ပြနေရာမှာ တချို့ တောင်းဆိုချက် တချို့ ရတဲ့ အတွက် အလုပ် ပြန်ဆင်းမှာ ဖြစ်ပြီး တချို့ကတော့ သပိတ် ဆက်မှောက်မယ်လို့ ပြောပါတယ်။

အလုပ်သမား နှစ်ထောင်ကျော်ဟာ လုပ်အားခ အချိန်ပို နာရီကြေး ရက်မှန်ကြေးတွေ တိုးပေဖို့ ပြီးခဲ့တဲ့ ခြောက်ရက်နေ့ထဲက ဆန္ဒပြ တောင်းဆို လာခဲ့တာ တနေ့ကတော့ အလုပ်ရှင်ဘက်က လိုက်လျောမှု တချို့ ပြုလုပ်ခဲ့တဲ့ အတွက် အလုပ်သမား တချို့ ဒီကနေ့ အလုပ် ပြန်ဆင်းမှာ ဖြစ်သလို တချို့ အလုပ် သမားတွေ ကတော့ အလုပ်ရှင်ကို တရားစွဲမယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေ တမြန်နေ့ မနက်ပိုင်းက ဆန္ဒ ဆက်ပြ နေရာကနေ အလုပ်ရှင်က ညှိနှိုင်းဖို့ ခေါ်တဲ့ အတွက် ဆွေးနွေးရာမှာ နာရီကြေး ခုနှစ်ဆယ့် ငါးကျပ်ကနေ တရာထိ တိုးပေခဲ့ပြီး ကျန်တာတွေ လိုက်လျောပေးတာ မရှိခဲ့တဲ့ အတွက် နှစ်ကြာ အလုပ်သမားတွေ ကျွမ်းကျင် အလုပ်သမားတွေ ကတော့ မကျေနပ်တဲ့ အတွက် ဆက်လက် တောင်းဆို တရားစွဲမယ့် အကြောင်း ရှေ့နေ ကိုဖိုးဖြူက ရှင်းပြပါတယ်။

အလုပ်သမားတွေ အတွက် တလ တသောင်း တိုးတယ် ဆိုပေမယ့် နှစ်ဆယ့် ခြောက်ရက်လုံး အပြည့် အလုပ် ဆင်းရမှာ ဖြစ်သလို အလုပ် ပိတ်ရက်တွေမှာလဲ ဖြတ်မယ်လို့ ပြောပါတယ်။

သဘောတူ လက်ခံရတဲ့ အလုပ်သမား တွေဟာ နယ်ကနေ လာအလုပ် လုပ်ရတဲ့ အမျိုးသမီး ငယ်တွေ ဖြစ်သလို စက်ရုံထဲက အဆောင်မှာ စားစရိတ် နေစရိတ် ပေးပြီး နေထိုင်ကြတဲ့ သူတွေ ဖြစ်သလို နေရပ်က မိသားစုတွေကို ငွေပို့နေရတာကြောင့် စားသောက်ရေးအခက် အခဲ ဖြစ်လာတာကြောင့် လက်ခံရတာလို့ ပြောပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ အလုပ် လက်ခံသူတွေနဲ့ လက်မခံတဲ့ နှစ်ဘက် ကိုယ်စား လှယ်တွေ ထပ်တွေ့ပြီး အလုပ် သမားတွေရဲ့ သဘော ဆန္ဒအတိုင်း ကူညီ ဆောင်ရွက်သွား မယ်လို့ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။