အားကစားကွင်း ခွင့်မပြုပေမဲ့ နယ်စုံ လူထု လာရောက် အားပေး

  • 17 ဖေဖော်ဝါရီ 2012

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် အန်အယ်လ်ဒီ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ရဲ့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေ ပြုလုပ်ရာမှာ သောကြာနေ့က ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဧရာဝတီတိုင်း ဖျာပုံမြို့ကို ရေလမ်းခရီးနဲ့ သွားရောက်ခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဖျာပုံမြို့စွန်က သဲကွင်းမှာ နယ်စုံက ဒေသခံတွေ စုရုံး ရောက်ရှိ နေစဉ်

လမ်းတလျှောက် ကြိုဆို သူတွေ အမြောက် အများ ရှိခဲ့ပြီး မဲဆွယ်ရေး ခရီးစဉ်မှာ လုံခြုံရေး အတွက် လိုက်ပါ လာတဲ့ ကားတန်းကို မြို့နယ် စစ်ဘက်ရေးရာ လုံခြုံရေး က မှတ်တမ်း ယူတာတွေ ရှိတယ်လို့ ဘိုကလေးမြို့နယ် အန်အယ်ဒီ အဖွဲ့ဝင် ဦးအောင်မြင့် က ဘီဘီစီကို ပြော ပါတယ်။

ဟောပြောပွဲ လုပ်ဖို့ မူလက စီစဉ် ထားတဲ့ မြို့နယ် အားကစားကွင်း ကို အာကစား ဝန်ကြီး ဌာနက ခွင့်မပြုတဲ့ အတွက် မြို့စွန်က သဲကွင်းထဲမှာ ပြုလုပ်ခဲ့ ရပြီး လူပေါင်း သောင်းနဲ့ချီ တက်ရောက် ခဲ့တယ်လို့ ဖျာပုံ ဒေသခံ တွေက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ် သွားရောက် ခဲ့တဲ့ လမ်းတလျှောက်မှာ လူတွေ သောင်းသောင်း ဖျဖျ ကြိုဆို ခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဖျာပုံ လူထု စုဝေးပွဲမှာ သာမန် လူတွေသာ မက သံဃာတော် တွေလည်း လာရောက် စုရုံးကြ

ဒေါ်အောင်ဆန်း စုကြည်က ဖျာပုံမြို့ကို ရောက်ရောက်ချင်း အန်အယ်လ်ဒီ ရုံးကို သွားရောက်ပြီး သူ့ကို စောင့်ဆိုင်းနေကြတဲ့ ရပ်မိ ရပ်ဖတွေကို တွေ့ဆုံ နှုတ်ဆက် ပြီး ဖျာပုံမြို့နယ် ကနေ ဝင်ရောက် အရွေးခံမယ် ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေကို ထောက်ခံမဲ ပေးဖို့ တိုက်တွန်း ခဲ့တယ်လို့ အဲဒီမှာ ရှိနေခဲ့တဲ့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဦးသိန်းဆွေ အပါ အဝင် အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း ၄၈ ယောက် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ ကြေညာ ထားပါတယ်။

လောလောဆယ် ဆက်သွယ်လို့ ရသလောက် လူ ၄၀ လောက်တော့ ခွင့်ပြုချက် ရထားပြီးပြီလို့ သိရကြောင်း အန်အယ်လ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မီတီ ခေါင်းဆောင် ဦးဉာဏ်ဝင်း က ပြောပါတယ်။

အဲဒီထဲမှာ ဒေါ်အောင်ဆန်း စုကြည် တော့ မပါဝင်သေးပါဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ခွင့်ပြုချက် မကျသေး

ဒေါ်အောင်ဆန်း စုကြည် ယှဉ်ပြိုင်မယ့် ကော့မှူး မြို့နယ် ကနေ ဝင်ရောက် အရွေးခံမယ့် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဒေါ်အောင်ဆန်း စုကြည် ဟာ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင် နိုင်ဖို့ အရည် အချင်းနဲ့ ပြည့်စုံခြင်း မရှိဘူး ဆိုပြီး ကန့်ကွက်ထား တဲ့ အတွက် တိုင်း ကော်မရှင် ရုံးရဲ့ အတည်ပြုချက်ကို စောင့်နေ ရတုန်း ဖြစ်တယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဦးတင်ရီရဲ့ ကန့်ကွက်ချက်တွေဟာ မှန်ကန်မှု မရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ် စည်းရုံးရေး ခရီးစဉ် တွေဟာ ရွေးကောက်ပွဲ မှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အနေနဲ့ မဟုတ်ဘဲ ပါတီ အတွက် မဲဆွယ် တာသာ ဖြစ်တယ်လို့ လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။