လွှတ်တော်နဲ့ အစိုးရကြား ကိုယ့်တာဝန်ကိုယ်လုပ်

  • 17 ဖေဖော်ဝါရီ 2012
ပြည်သူ့လွှတ်တော် ဥက္ကဌသူရ ရွှေမန်း ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်သူ့လွှတ်တော် ဥက္ကဌသူရ ရွှေမန်း

၀န်ထမ်းတွေ လစာတိုးပေးဖို့၊ အကတိ တိုက်ဖျက်ဖို့၊ အလုပ်မဖြစ်တဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းထားဖို့ကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အစိုးရကို တင်ပြထားတာကို မနေ့တုန်းက အမျိုးသားလွှတ်တော်မှာ အစိုးရက ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ သူရဦးရွှေမန်းက လွှတ်တော်အမတ်တွေကိုပြန်ရှင်းလင်းပါတယ်။

အရှုံးပေါ်တဲ့လုပ်ငန်းတွေရပ်ဆိုင်းဖို့ ဦးရွှေမန်းကတင်ပြရာမှာ ဆည်မြောင်း ဝန်ကြီးဌာနကစာရင်းဇယားနဲ့တကွ ပြန်ချေပတဲ့အတွက် ဒါဟာတဖက်နဲ့တဖက် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းမှုမရှိတဲ့ အနေအထားမျိုးလို့ ဝေဖန်မှုတွေရှိပါတယ်။ ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းကတော့ လွှတ်တော်က ပြည်သူ့အသံကို နားထောင်ပြီး အစိုးရအဖွဲ့ကို ကောင်းတဲ့ အကြံတွေပေးတာဖြစ်တယ် သူ့အလုပ်ကိုယ့်အလုပ်ကို ပီပြင်အောင်လုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ပြည်သူ့လွှတ်တော်အမတ်တွေကတော့တဖက်နဲ့တဖက် ဇာတ်တိုက်လုပ်နေတယ်လို့ မယူဆဘူးလို့ပြောတယ်။ ဝန်ထမ်းတွေ လစာတိုးပေးဖို့၊ အကတိ တိုက်ဖျက်ရေး၊ အလုပ်မဖြစ်တဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းဖို့က တကယ်လိုအပ်နေတဲ့အချက်ဖြစ်လို့ ပြည်ထောင်စု လွှတ်တော်မှာဆက်တင်ဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ဘီဘီစီကိုပြောပါတယ်။

လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့အချက်တွေကို အများပြည်သူတွေသိအောင် တိုက်ရိုက်ထုတ်လွှင့်ဖို့ကိုလည်း လွှတ်တော်က တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေး နေတယ်လို့လည်း ဦးရဲထွန်းကပြောပါတယ်။