အရှင်ဂမ္ဘီရကို အရေးယူတော့မယ်

  • 19 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ရှင်ဂမ္ဘီရဟာ နိုင်ငံရေး မှိုင်းမိကာ ထင်ရာစိုင်း နေသူ ဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်

၂၀၀၇ သံဃာလှုပ်ရှားမှု ဦးဆောင် ဆရာတော်တပါး ဖြစ်တဲ့ အရှင်ဂမ္ဘီရဟာ ပြစ်မှုဆိုင်ရာ ဥပဒေတွေကို ချိုးဖေါက်ပြီး နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့ မဟနကိုပါ စော်ကားတဲ့အတွက် အရေးယူ ဆောင်ရွက်မှုတွေ လုပ်တော့မယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ရေးသား ဖေါ်ပြထားပါတယ်။

နောက်ပြီး ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော် သန့်ရှင်းရေး အလို့ငှာ အရှင် ဂမ္ဘီရကို ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့တဲ့ အတွက် အာဏာစက်နဲ့ ဆောင်ရွက် ရမှာ ဖြစ်ကြောင်းကိုလည်း ဖေါ်ပြထားပါတယ်။

မဟန ဆရာတော်ကြီး တွေကလည်း ဓမ္မစက်နဲ့ ဆောင်ရွက်လို့ မရတော့တဲ့ အတွက် အာဏာစက်နဲ့ ဆောင်ရွက်စေဖို့ ဆန္ဒရှိနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

အရှင်ဂမ္ဘီရဟာ ရဟန်းနဲ့ မအပ်စပ်တဲ့ နိုင်ငံရေးမှိုင်းမိကာ ထင်ရာစိုင်းနေသူ ဖြစ်တယ်လို့ လည်း စွပ်စွဲထားပါတယ်။

မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ အရှင်ဂမ္ဘီရဟာ သင်္ကန်းကျွန်းမြို့နယ်က ချိပ်ပိတ်ထားတဲ့ သူ့ရဲ့ မဂ္ဂင် ကျောင်းတိုက်ကို ဒေသခံ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ပြန်ဖွင့်ကာ သီတင်းသုံး နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး ဝိနည်းတော်နဲ့အညီ နေထိုင်ပါ့မယ်ဆိုတာကိုလည်း မဟန ဆရာတော်တွေရှေ့မှာ အရှင်ဂမ္ဘီရဟာ ဝန်ခံကတိ လက်မှတ်ထိုးခဲ့ပါတယ်။