ရွှေညဝါဆရာတော် မှော်ဘီ မှာ စတင်သီတင်းသုံး

  • 19 ဖေဖော်ဝါရီ 2012
shwenyawar
Image caption ရွှေညဝါ ဆရာတော် ဦးပညာသီဟ

ရန်ကုန်မြို့ ကြည့်မြင်တိုင် နတ်စင်လမ်း ရှိ သာဓု ပရိယတ္တိ စာသင်တိုက် မှ စာချ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ ကို နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ မှ ဆိုဆုံးမ ခက်ခဲတဲ့ ဒုဗ္ဗစ ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သာဓု ကျောင်းတိုက်မှ နှင်ထုတ်ခဲ့ပါတယ်။

ဆရာတော်ဟာ ကျောင်းသင်္ကန်း နေရာသစ် အဖြစ် မှော်ဘီမြို့ဘက် ပြောင်းရွှေ့ သီတင်းသုံးဖို့ ဝါးကျောင်း ဆောက်လုပ်နေပြီ ဖြစ်တဲ့ အကြောင်း ဘီဘီစီ ကို မိန့်ခဲ့ပါတယ်။ ကျောင်းသစ် ရွှေ့ရာမှာ ရဟန်းသံဃာတွေ၊ ဒါယိကာ ဒါယိကာမ တပည့်ရင်းတွေ အပြင်၊ အရှင် ဂမ္ဘီရ၊ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် တွေ လာရောက်နှုတ်ဆက်၊ အားပေး စကား လျှောက်ကြကြောင်း ဆရာတော်က ရှင်းပြပါတယ်။

တရားဟောခွင့်ပါ ဆရာတော်ကို ပိတ်ပင် ထားတဲ့ အတွက် ဆရာတော် အနေနဲ့ ဆွမ်းကျွေး ရေစက်ချ အလှူ ပင့်ဖိတ်ကြတဲ့ အခါမှာ ပင် တရားမဟောတော့ဘူး လို့ မိန့်ပါတယ်။ သို့သော်လည်း ခြေလှမ်းသစ် အနေ နဲ့ သာသနာ နဲ့ နိုင်ငံ့ အကျိုး အတွက် အကျိုးပြု လုပ်ငန်း တွေမှာ ဆက်လက် ဆောင်ရွက်မယ် လို့ ဆရာတော်က မိန့်ပါတယ်။

ပြည်ပ နိုင်ငံတွေဘက် ခရီးလှည့်ဖို့ အစီအစဉ် ထဲမှာ အမေရိကန် ပြည်ထောင်စု ကို စဉ်းစားထားကြောင်း၊ အရင်က ထိုင်း၊မလေးရှား၊ ဂျပန် စတဲ့ နိုင်ငံတွေဘက် ကြွခဲ့ဖူး ကြောင်း လည်း၊ ရွှေညဝါ ဆရာတော် ဦးပညာသီဟ က ဘီဘီစီ ကို မိန့်ခဲ့ပါတယ်။