မဏ္ဍပ်ဗုံးခွဲမှုကိစ္စ ရှေ့နေတွေ တရားစွဲခံရ

  • 20 ဖေဖော်ဝါရီ 2012
Image caption ၂၀၁၀ခုနှစ် သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှု အတွင်း အနည်းဆုံး လူ၈ဦး သေဆုံးခဲ့

၂၀၁၀ ခုနှစ်တုန်းက X2O သင်္ကြန် မဏ္ဍပ် ဗုံးခွဲခဲ့မှုနဲ့ တရားစွဲခံထားရသူ ကိုဖြိုးဝေ အောင်နဲ့ သူ့အမှုကို လိုက်ပေးနေတဲ့ ရှေ့နေ တွေ ဖြစ်တဲ့ ဦးကျော်ဟိုးနဲ့ ဒေါ်တင်ဇာလှိုင် တို့ကို တရားရေး ဆောင်ရွက်နေသူ ပြည်သူ့ ဝန်ထမ်းတွေကို စော်ကားနှောင့်ယှက်မှုနဲ့ တရားစွဲဆိုဖို့ တရားရုံးက အမိန့် ချမှတ် လိုက်ပါတယ်။

တရားလိုပြ သက်သေရဲ့ ကြိုတင်ထွက်ချက်ကို အမှုစစ် ရဲအရာရှိနဲ့ တာဝန်ရှိ ဥပဒေ အရာရှိတွေ က တရားရုံးမှာ သက်သေခံ တင်ပြမှု မလုပ်ခဲ့တာဟာ တမင် ထိန်ချန်ထားတာလားလို့ မေးခွန်း ထုတ်စရာ ရှိတယ် ဆိုပြီး ကိုဖြိုးဝေအောင်က သူ့ကို ရုံးထုတ် စစ်ဆေးစဉ်မှာ ထွက်ဆိုသွားခဲ့ကြောင်း၊ ဥပဒေ အရာရှိက ဒါဟာ အစိုးရ ဝန်ထမ်းတွေကို တမင် ပုတ်ခတ် စော်ကားတာ၊ တရားစီရင်မှုကို နှောင့်ယှက်တာ ဆိုပြီး ပုဒ်မ ၂၂၈ နဲ့ ကိုဖြိုးဝေအောင်ကိုရော၊ သူ့ရှေ့နေတွေ ဖြစ်တဲ့ ဦးကျော်ဟိုးနဲ့ ဒေါ် တင်ဇာလှိုင်တို့ကိုပါ တရားစွဲဆိုဖို့ တင်ပြခဲ့တယ်လို့ ရှေ့နေ ဦးကျော်ဟိုးက ဘီဘီစီကို ပြောပါတယ်။

တရားခံတဦးဟာ အခြေခံ ဥပဒေအရ လွတ်လွတ်လပ်လပ် ခုခံ ချေပခွင့် ရှိတာမို့ ဒီလို တရား စွဲလို့ မရဘူးဆိုတာကို သူတို့ဖက်က တင်ပြခဲ့ပေမယ့် တရားသူကြီးက လက်မခံပဲ တရားစွဲဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်တယ်လို့ ဦးကျော်ဟိုးက ပြောပါတယ်။

ပုဒ်မ ၂၂၈နဲ့ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ၆လနဲ့ ဒဏ်ငွေ ချမှတ် ခံရနိုင်တယ်လို့လည်း ဆိုပါတယ်။

တရားခံဘက်က ထွက်ဆိုစရာတွေ ကျန်ပါသေးတယ် ဆိုတာကို တရားသူကြီးက ခွင့်မပြုပဲ နောက်ရုံးချိန်းမှာ ထွက်ဆိုခွင့် မပေးဖို့ အမိန့်ချခဲ့တာကို ကြည့်ခြင်းအားဖြင့် ကိုဖြိုးဝေအောင် ရဲ့ အမှုကို မြန်မြန် တရားစီရင်ချက် ချမယ့် အလားအလာ ရှိတယ်လို့ ယူဆရကြောင်း ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။