၈၈ မျိုးဆက် ဟင်္သာတဘက် ခရီးထွက်

  • 21 ဖေဖော်ဝါရီ 2012
kokogyi_ ဓာတ်ပုံ မူပိုင် AP
Image caption ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး

ကိုမင်းကိုနိုင်၊ ကိုကိုကြီး နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တချို့ ဟာ ဟင်္သာတ မြို့ခံ လူငယ်တွေ၊ နိုင်ငံရေး သမား တွေနဲ့ တွေ့ဆုံပြီး ပွင့်လင်း လူ့အဖွဲ့အစည်း ဆွေးနွေးပွဲ တရပ် ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ လူထု အနေနဲ့ နိုင်ငံရေး ဆောင်ရွက်ချက် တွေမှာ ပွင့်ပွင့်လင်းလင်း ပါဝင်လာမှု ကို တိုက်တွန်း နှိုးဆော် တဲ့ ပွဲ အသွင်ဆောင်ပါတယ်။ အဓိက အနေနဲ့တော့ ထိတ်ဆုံးက နေပြီး အကြောက်တရား နဲ့ မောင်းနှင်တဲ့ အခါမှာ လူ့ဂုဏ်သိက္ခာ ပျောက်ခဲ့တဲ့ စနစ်မျိုး ကို ဖြတ်သန်းခဲ့ဖူးတဲ့ အကြောင်း၊ ဒါကြောင့် ပွင့်လင်း လူ့အဖွဲ့ အစည်း ဆိုတာက အသိတရားနဲ့ မောင်းနှင်တဲ့ လူ့အဖွဲ့အစည်း၊ လူတွေရဲ့ ပွင့်လင်း လွတ်လပ်မှု က တဆင့် နိုင်ငံတော် ရဲ့ ဖွံ့ဖြိုးတိုးတက်မှု မှာ အဓိက မောင်းနှင် အားတွေ အဖြစ် ဖန်တီးနိုင်လိမ့် မယ်လို့ ယုံကြည်ကြောင်း ကိုကိုကြီး က ဘီဘီစီ ကို ပြောပြပါတယ်။

ပြည်သူတွေ ရဲ့ လှုပ်ရှားမှု ပူးပေါင်းမှု အပေါ်မှာလည်း သက်ဆိုင်ရာ အနေနဲ့ ကြောက်စိတ် မဖြစ်စေချင်ဘူး၊ ဧရာဝတီ တိုင်းဒေသကြီးက လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုရင် ထိပ်ကနေ အောက်ကို အုပ်ချုပ်မှု ဟာ ခေါက်ရိုးကျိုးနေပုံ ကို ဝန်ခံတာကို စာစောင်မှာ ဖတ်ရှုရပုံ လည်း ကိုကိုကြီးက ပြောပြပါတယ်။

အဲဒီအတွက် အောက်ခြေက တင်ပြတာကို ဆွေးနွေး အကြံပြုတဲ့ စနစ်မျိုး ဖြစ်လာအောင် ကြိုးပမ်းမယ် လို့ ပြောသံ ကြားတဲ့ အတွက်လည်း ကြိုဆိုတဲ့ အကြောင်းနဲ့ လက်တွေ့ အကောင်အထည် ဖေါ်ရေး ပေါင်းကူးတဲ့ အခန်းကဏ္ဍ မှာ ပါဝင်နိုင်ရေး ကြိုးပမ်းသွားမယ် လို့ ဘီဘီစီ ကို ကိုကိုကြီး က ရှင်းပြပါတယ်။