ဆားလင်းကြီး ကြေးနီ စီမံကိန်း အိမ်တွေရွှေ့ရ

  • 21 ဖေဖော်ဝါရီ 2012
Sar-Lin-Gyi ဓာတ်ပုံ မူပိုင် bbc burmese
Image caption မုံရွာ ဆားလင်းကြီး ကြေးနီ စီမံကိန်းကြောင့် ရွာတွေ အရွှေ့ခံရ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲမှာ န တောင်းတောင် ကြေးနီ စီမံကိန်း ဆောင် ရွက်ဖို့ အတွက် ရွာတွေကို ရွှေ့ခိုင်း ရာမှာ အိမ်ခြေ ၅၀ လောက် မပြောင်းဘဲ ကျန် နေတဲ့ ဝက်မှေး ရွာမှာ ခလေး သူငယ် တွေ ကျောင်းနေခွင့် မရဘဲ ဖြစ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

အာဏာပိုင်တွေရဲ့ ဆန္ဒအတိုင်း ရွှေ့ပြောင်း မပေးတဲ့ ဝက်မှေး ရွာသားတွေရဲ့အပြော အရ သူတို့ရွာက ဘုန်းတော်ကြီး ကျောင်းကို ချိတ် ပိတ်ထားပြီး မူလတန်း ကျောင်းကိုလည်း အစိုးရက ပိတ်ပစ်တာကြောင့် ရွာမှာ ရှိတဲ့ ခလေးသူငယ်တွေ ကျောင်းနေခွင့် မရဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အနီးအနားမှာ ရှိတဲ့ ညောင်ပင်ကြီး ရွာမှာ သွားပြီး ကျောင်းအပ်ဖို့ ကြိုးစားရာမှာလည်း ကျောင်းအုပ် ဆရာမကြီးက လက်မခံဘူးလို့ ကျေးရွာသူ တဦး ဖြစ်တဲ့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။

တကယ်တော့ အဲဒီရွာမှာ အိမ်ခြေ တရာကျော် ရှိတဲ့အနက် အိမ်ခြောက်ဆယ် လောက်ဟာ အစိုးရ ပြန်လည် နေရာ ချထားပေးတဲ့ ရွာသစ်ဆီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက ပြောင်းသွားခဲ့ပြီး ၄၈ အိမ်သာ ကျန်နေ ခဲ့တာ ဖြစ်ပါတယ်။

ရွာသားတွေဖက်ကတော့ နေရာသစ်ဟာ သူတို့အတွက် လုံးဝ အဆင်မပြေဘူးလို့ ပြောနေ ပါတယ်။

နတောင်းတောင် ကြေးနီ စီမံကိန်းကို တရုတ်နိုင်ငံက ဝမ်ပေါင် ကုမ္ပဏီနဲ့အတူ မြန်မာပြည်က ထူးကုမ္ပဏီနဲ့ ဦးပိုင် လီမိတက်တို့ ဖက်စပ် လုပ်ကိုင် နေတာလို့ ဆိုပါတယ်။

အဲဒီစီမံကိန်းအတွက် ဆားလင်းကြီး မြို့နယ်ထဲက ဝက်မှေး၊ ဆည်တဲ၊ ဇီးတောနဲ့ ကန်တော ကျေးရွာ လေးခုကို နေရာ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းအတွက် လယ်ယာမြေ ဧက ၇၀၀၀ ကျော်ကို သိမ်းထားပြီး သုံးနှစ်စာ သီးနှံ အတွက် လျော်ကြေး အဖြစ် မြေတဧကကို ငါးသိန်း သုံးသောင်းနှုန်းနဲ့ ပေးထားတယ်လို့ ရွာသားတွေက ပြောပါတယ်။

အဲဒီ မြေတွေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဆက်လက် အငြင်း ပွားနေတယ်လို့ ဆိုပါတယ်။

ရွာသားတွေဘက်က ဒီပြဿနာကို ဖြေရှင်းပေးဖို့ သမ္မတနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်တို့ဆီ စာတင်ထားပေမယ့် ထူးခြားမှု မရှိဘူးလို့ ပြောနေကြပါတယ်။