SSA ရှမ်းတောင်ပိုင်းနဲ့ အစိုးရတပ် တိုက်ပွဲပြန်ဖြစ်

  • 21 ဖေဖော်ဝါရီ 2012
SSA South ဓာတ်ပုံ မူပိုင် Reuters
Image caption ရှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်သားများ

အစိုးရ နဲ့ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘော တူညီမှု ရထား ခဲ့တဲ့ SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့ နဲ့ အစိုးရ စစ်တပ် အကြား တိုက်ပွဲ တွေ ပြန်ဖြစ် နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၇ ရက် နေ့ ကတည်း က အစိုးရ ဘက်က တိုက်ခိုက် လာတာ ကြောင့် တိုက်ပွဲငယ် တွေ ပြန်ဖြစ် လာနေ ကြောင်း SSA တောင်ပိုင်း က ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်စိုင်းက ဘီဘီစီ ကို ပြောပါတယ်။

တိုက်ပွဲ တွေ က ကျောက်မဲ၊ သီပေါ၊ မိုင်းပြင်း နဲ့ တာချီလိတ် မြို့နယ် တွေက တောတွေ အတွင်း ဖြစ်နေတာ လို့ လည်း သူ က ပြောပါတယ်။

နှစ်ဘက် အပစ်အခတ် ရပ်စဲကြောင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နဲ့ SSA တောင်ပိုင်း ကြား ပြီးခဲ့တဲ့ ဇန်နဝါရီ လ အတွင်း က သဘောတူညီချက် ရရှိခဲ့ပြီးနောက် တိုက်ပွဲတွေ ပြန်ဖြစ်လာတာလည်း ဖြစ်ပါတယ်။

SSA တောင်ပိုင်းဘက်က အစိုးရငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ဝင်တွေဆီ ဆက်သွယ် မေးမြန်းခဲ့ရာမှာ အစိုးရဝန်ကြီး တစ်ဦး ပြောတာကတော့ အောက်ခြေ အဆင့် တပ်တွေက နားလည်မှု လွဲတာ ဖြစ်နိုင်ကြောင်း ပြန်လည် ပြောကြားခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောပါတယ်။

ဒါကြောင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နဲ့ စစ်တပ်အကြား သဘောထား တွေ တထပ်တည်း ဖြစ်မှဖြစ်ရဲ့ လား လို့ သူတို့ သံသယ ရှိနေကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပါတယ်။

ထိုးစစ်တွေ ဆက်လက် ရင်ဆိုင် ရရင် ခုခံစစ် အနေနဲ့ ပြန်လည် တုံ့ပြန်သွား မယ်လို့လည်း သူက ပြောပါတယ်။