တရုတ်-မြန်မာ နယ်စပ် လုံခြုံရေးအတွက် တရုတ်ပြော

  • 24 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဌ ဝူဘန်ဂေါ က သူရဦးရွှေမန်းကို ဖိတ်ကြားခဲ့

တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိ နေတဲ့ မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗြူရို အရာရှိ လီယူအန်ချောင်းနဲ့ သောကြာနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာလီက တရုတ်နဲ့ မြန်မာတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက နှစ်နိုင်ငံ သံတမန်ရေး ဆက်ဆံမှုတွေ စတင်ခဲ့ပြီး နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ခိုင်မာလာခဲ့တဲ့ အပေါ် ဂုဏ်ယူကြောင်း ပြောပါတယ်။

နောက်ပြီး မြန်မာနိုင်ငံနဲ့ အနာဂတ် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရေး ရည်ရွယ်ပြီး ပူပေါင်းဆောင်ရွက်မှုတွေကို တိုးမြင့် လုပ်ဆောင်သွားမယ်လို့လည်း ကတိပြု ပြောကြား ပါတယ်။

သူရဦးရွှေမန်းကလည်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးတက်အောင် ဆောင်ရွက်မှာဖြစ်ပြီး လုပ်ငန်းအများ အပြားအတွက်လည်း ပူပေါင်း ဆောင်ရွက်မှုတွေ တိုးချဲ့ဆောင်ရွက်မယ်လို့ ပြောကြားပါတယ်။

သူရဦးရွှေမန်းဟာ တရုတ်ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဌ ဝူဘန်ဂေါရဲ့ ဖိတ်ကြားချက် အရ ၅ ရက်ကြာ ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ တရုတ်နိုင်ငံ နိုင်ငံရေးအကြံပေးကော်မတီ ဥက္ကဌ ဂျာရှင်းလင်နဲ့ သူရဦးရွှေမန်း တွေ့ဆုံခဲ့ရာမှာ မစ္စတာ ဂျာရှင်းလင်က နှစ်နိုင်ငံ နယ်စပ် လုံခြုံရေး ပိုမို ကောင်းမွန်အောင် လုပ်ဖို့ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မထိခိုက်စေဖို့နဲ့ နယ်စပ် ဒေသမှာ ဒုက္ခသည် ပြဿနာ မဖြစ်ရအောင် ရည်ရွယ် ပြောကြားတာ ဖြစ်တယ်လို့ တရုတ်-မြန်မာ နယ်စပ်က မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။