အသိမ်းခံရတဲ့ လက်နက်တွေ DKBA ပြန်ရ

  • 24 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် afp
Image caption DKBA တွေဆီက သေနတ် ၃၂ လက်ကို BGF နယ်ခြားစောင့်တပ်က သိမ်းယူသွားခဲ့တာပါ

အစိုးရလက်အောက်ခံ BGF နယ်ခြားစောင့် တပ်ကနေ DKBA ဆီက သိမ်းယူထားတဲ့ လက်နက်တွေကို အစိုးရက DKBA ကို ပြန်ပေးလိုက်တဲ့ အတွက် တင်းမာမှုတွေ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

BGF နယ်ခြားစောင့်တပ်က DKBA ဆီကနေ သိမ်းယူသွားတဲ့ သေနတ်တွေကို အစိုးရစစ်တပ် တာဝန်ရှိသူက DKBA ပြည်တွင်း ဆက်သွယ် ရေး တာဝန်ခံ ဒုဗိုလ်မှူးကြီးမောင်လေးကို သောကြားနေ့ မွန်းလွဲပိုင်းက ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။

အစိုးရကကြားဝင်ပြီး အခုပြဿနာကို ဖြေရှင်းပေးတဲ့ အပေါ်မှာ DKBA နိုင်ငံခြား ဆက်ဆံ ရေး တာဝန်ခံဗိုလ်မှူးစောလုံ့လုံက အစိုးရအနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကို တကယ်ပဲ စိတ်ဆန္ဒ စေတနာရှိရှိနဲ့ အားသွန်ခွန်စိုက် လုပ်ဆောင်နေတယ်လို့ သတ်မှတ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြိုင်ကြီးငူဒေသ အခြေစိုက် BGF နယ်ခြားစောင့်တပ်ကနေပြီးတော့ အဲဒီဒေသတဝိုက်မှာ လှုပ်ရှားနေတဲ့ DKBAတွေဆီက သေနတ် ၃၂ လက်ကို သိမ်းယူသွားခဲ့ ပါတယ်။

ဖေဖေါ်ဝါရီလ ၂၁ နေ့တုန်းက အဲဒီကိစ္စကို ဖြေရှင်းပြီး လက်နက်တွေပြန်ပေးမယ်လို့ ပြောပြီး ကာမှ အစိုးရအရာရှိ တယောက်က ပြန်မပေးဘူး ဆိုတဲ့အတွက်၊ DKBA က သူတို့နဲ့ အစိုးရအကြား ချုပ်ဆိုထားတဲ့ စာချုပ် ပျက်ပြယ်သွားပြီလို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့လို့ အစိုးရစစ်တပ်ကနေ ကြားဝင်ပြီး လက်နက်တွေကို အခုလို ပြန်ပေးလိုက်တဲ့ အတွက် အပစ်အခတ်ရပ်စဲရေး စာချုပ်ဟာ ပုံမှန်အတိုင်း အသက်ဝင်နေသေးတယ် လို့ DKBA က ပြောပါတယ်။