ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံပြန်တင်

  • 26 ဖေဖော်ဝါရီ 2012
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
Image caption ပါတီဝင်တွေ စုပေါင်း ဆုံးဖြတ်ခဲ့တာလို့ ဦးအေးသာအောင် (အလယ်ပုံ) ကဆို

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ကို တရားဝင် ပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ဖို့ ဆောင်ရွက် နေပြီလို့ ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

တရားဝင် ပါတီ အဖြစ်မှတ်ပုံတင်မှ နိုင်ငံရေး ဆက်လုပ်လို့ ရမယ်လို့ ပါတီဝင် ဟောင်းများ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် သဘောထား ပေးခဲ့ကြ တယ်လို့ သူက ဆိုပါတယ်။

အခုလို ပါတီ မှတ်ပုံ ပြန်တင်တာဟာ လာမယ့် ရွေးကောက်ပွဲ မှာပါဝင်ဖို့ မဟုတ်ဘဲ ပါတီဝင် တွေ၊ လူငယ် တွေနဲ့ လယ်သမား အရေးကိစ္စနဲ့ ပတ်သက်တာ တွေကို သင်တန်းတွေ ပေးပြီး လေ့ကျင့် သင်ကြား နိုင်အောင် ရည်ရွယ်တယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

ALD ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ တခြား တိုင်းရင်းသား ပါတီ တွေနဲ့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မီတီ (CRPP) အဖွဲ့ထဲမှာ ပါဝင် ပါတယ်။

ALD ပါတီ ပြန်ပြီး မှတ်ပုံတင်နေ သလို CRPP အဖွဲ့ထဲက ဇိုမီးအမျိုးသား ကွန်ဂရက်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တို့ အပါအဝင် တိုင်းရင်းသား ပါတီတွေလည်း မှတ်ပုံတင်ကြဖို့ ရှိနေ ပါတယ်။ CRPP အဖွဲ့ကိုတော့ အခုအချိန်အထိ ဖျက်သိမ်းခြင်း မရှိသေး ပါဘူး။

ကြားဖြတ် ရွေးကောက်ပွဲ ပြီးတဲ့ အခါ မှာတော့ ဒီအဖွဲ့ရဲ့ အနာဂတ်ရေး နဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လုပ် ကြမယ် ဆိုတာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ ဦးအေးသာအောင် ကပြောပါတယ်။ ဦးအေးသာအောင် ဟာ CRPP ရဲ့ အတွင်းရေးမှူး လည်း ဖြစ်ပါတယ်။