မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှု အခွန်ကင်းလွတ်

  • 26 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption တင်ပို့ရာတာ အဆင်ပြေတဲ့ တရုတ်ကို လောလောဆယ် အဓိကထား တင်ပို့ပါတယ်

မြန်မာနိုင်ငံကနေ သစ်သီးဝလံနဲ့ခြံထွက် သီးနှံတွေကို ပြည်ပတင်ပို့မှု အပေါ် အခွန်ကင်းလွတ်ခွင့်ပေးမယ့် အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက အမိန့် ကြော်ငြာစာတရပ် ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် မတ်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၁၄ ရက်အထိ အကျုံးဝင်မယ့် ဒီကြေညာချက် ကြောင့် တောင်သူတွေ အကျိုးရှိနိုင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဌ ဦးစိုင်းဘဉာဏ်က ပြောပါတယ်။

သီးနှံတွေ ဝယ်ယူတဲ့ ကုန်သည်တွေအနေနဲ့ အခွင့်ကင်းလွတ်ခွင့်ရတာကြောင့် စျေးပိုပေး ဝယ်ယူမှာ ဖြစ်တဲ့အတွက် တောင်သူတွေ အကျိုးခံစားခွင့်ရမှာ ဖြစ်ကြောင်းနဲ့ အခုလို အခွန်ကင်းလွတ်ခွင့် ပေးတာဟာ တောင်သူတွေ အကျိုးခံစားခွင့်ပိုရအောင် လုပ်တာ ဖြစ်တယ်လို့ သူကပြောပါတယ်။

နိုင်ငံခြားကို တင်ပို့ရာမှာ ရာသီအလိုက် သီးနှံတွေဖြစ်တဲ့ ဖရဲ၊ သခွားမွှေး၊ ငှက်ပျော်တွေကို အဓိကပို့ကြောင်း၊ ရှေ့လာမယ့် သိပ်မကြာခင်မှာ သရက်သီးပေါ်တော့မှာ ဖြစ်တဲ့ အတွက် အဲဒီအချိန်ရောက်ရင် သရက်သီးလည်း တင်ပို့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ကို တင်ပို့ရာတာ အဆင်ပြေတဲ့အတွက် လောလောဆယ်တရုတ်ကို အများဆုံးတင်ပို့ ကြောင်း၊ နောက်ပိုင်းမှာလည်း အာဆီယံ နိုင်ငံတွေကို တင်ပို့မှာ ဖြစ်ကြောင်း သူကပြောပါ တယ်။

စင်ကာပူနိုင်ငံကိုလည်း လေကြောင်းနဲ့ ရေကြောင်းကနေ အနည်းအကျဉ်း စပြီး တင်ပို့နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။