အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေး ပြီးဆုံး

  • 27 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption '' အာဆီယံ စီးပွားရေး အသိုက်အဝန်း ၂၀၁၅'' အချိန်မီ ပီပြင်စွာ ဖြစ်ပေါ်လာရေး ဆွေးနွေးခဲ့

နေပြည်တော်မှာ ကျင်းပပြီးစီးသွားတဲ့ ၁၈ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးမှာ AEC 2015 လို့ ခေါ်တဲ့ '' အာဆီယံ စီးပွားရေး အသိုက် အဝန်း ၂၀၁၅'' အချိန်မီ ပီပြင်စွာ ဖြစ်ပေါ်လာစေဖို့ အတွက် စိန်ခေါ်မှုတွေနဲ့ လိုအပ်ချက်တွေ အကြောင်းကို ပွင့်ပွင့် လင်းလင်း ဆွေးနွေး ခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ် အမီ အာဆီယံ နိုင်ငံတွေကြား ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှု ကုန်သွယ်ရေးနဲ့ အရင်းအနှီး ရရှိရေးမှာ စိန်ခေါ်မှုတွေက ဘာတွေလဲ ဆိုတာနဲ့ပတ်သက်ပြီး အာဆီယံ စီးပွားရေးဝန်ကြီးတွေက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိ တဦးက ပြောပါတယ်။

''အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၁၅'' အရ အာဆီယံ ၁၀ နိုင်ငံလုံးပါတဲ့ တခုတည်း သော စျေးကွက်မှာ ကုန်စည်၊ ဝန်ဆောင်မှု၊ အရင်းအနှီးနဲ့ ကျွမ်းကျင် လုပ်သား တွေကို လွတ်လပ်စွာ သွားလာ သယ်ယူ ရင်းနှီးမြှုပ်နှံ၊ လုပ်ကိုင်ခွင့် ရှိစေမှာ ဖြစ်ပါတယ်။

ဒီအတွက် မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်လို့ မြန်မာ အဆင့်မြင့် အရာရှိက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ နဲ့ ၂၆ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးကို လက်ရှိ အာဆီယံ ဥက္ကဌ ကမ္ဘောဒီယားနိုင်ငံရဲ့ စီးပွားရေးဝန်ကြီး မစ္စတာ ချန် ပရာဆပ်က ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ အာဆီယံ အတွင်းရေးမှူးချုပ်လည်း တက်ရောက်ခဲ့ပါတယ်။

လာမယ့် သြဂုတ်လမှာတော့ အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီယားနိုင်ငံမှာ ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။