ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် ကြေငြာပြီ

  • 28 ဖေဖော်ဝါရီ 2012
Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုယ်စားလှယ်လောင်း အဖြစ်တရားဝင် အမည်စာရင်း ကြေငြာ

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခြင်းကို ပြိုင်ဖက် ကိုယ်စားလှယ်လောင်း တဦးက ကန့်ကွက်ထားတဲ့ အမှုကို ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ခရိုင် ကော်မရှင်ရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်က ၀င်ပြှိုင်မဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ဒီကနေ့ပဲ အမည်စာရင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြိုင်ဖက် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ရတဲ့ဝင်ငွေတွေကို အစိုးရကို မကြေငြာပဲ အခွန်မဆောင်ပဲ နေတယ်၊ ပြီးတော့ နိုင်ငံခြားမှာ အမြဲတန်းနေထိုင်ခွင့်ရရှိထားသူ ဖြစ်တယ်၊ ဒါကြောင့် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်ခဲ့တာပါ။

အဲန်အယ်လ်ဒီဖက်ကတော့ အဲဒီ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူး၊ စွပ်စွဲသူအနေနဲ့လဲ ဘာသက်သေ အထောက်အထားမှ မတင်ပြနိုင်ဘူးလို့ ချေပခဲ့ပါတယ်။