ဒေါ်အောင်ဆန်းစုကြည် တရားဝင်အမတ်လောင်း ဖြစ်ပြီ

  • 28 ဖေဖော်ဝါရီ 2012
DASSK ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်စုရဲ့ ဖျာပုံ စည်းရုံးရေးခရီးစဉ်

ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက် ပွဲမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကနေ ဝင်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် တိုင်း ရွေးကောက်ပွဲ ကော်မရှင်က အတည် ပြုခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ အဲဒီမြို့နယ်ကပဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဒေါ်အောင်ဆန်း စုကြည်ဟာ ကိုယ်စားလှယ်လောင်း သတ်မှတ် အရည် အချင်းမရှိဘူးဆိုပြီး ကန့်ကွက်ခဲ့တဲ့အတွက် ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းခဲ့ရပါတယ်။

ဒါပေမယ့် ဦးတင်ရီဘက်က သက်သေ အထောက်အထား မတင်ပြနိုင်တဲ့အပေါ် မြို့နယ် ကော်မရှင်ကလည်း ပယ်ချခဲ့သလို တိုင်းကော်မရှင်ကလည်း ပယ်ချခဲ့ပုံ ရကြောင်း NLD ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီအမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေး ခရီးစဉ်တွေ သွားရောက် ခဲ့ပေမယ့် ကိုယ်စားလှယ် လောင်းအဖြစ်နဲ့တော့ မဲဆွယ် စည်းရုံးတာတွေ လုပ်ခွင့် မရှိခဲ့ပါဘူး။

အခု တိုင်းရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပေး လိုက်ပြီးတဲ့နောက် ဒေါ်အောင်ဆန်း စုကြည်ဟာ ကော့မှူး မြို့နယ်ကို ထပ်မံ သွားရောက်ပြီး မဲဆွယ် စည်းရုံးတာတွေ လုပ်ဖို့ ရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ရွေးကောက်ပွဲ ကော်မရှင်ကနေ NLD ရဲ့ စည်းရုံးရေး ခရီးစဉ် တွေနဲ့ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေ အကြောင်း ဖော်ပြထားတဲ့ စာတစ်စောင်ကိုလည်း NLD ရုံးကို ပေးပို့ခဲ့ တယ်လို့ ဦးဉာဏ်ဝင်းက အတည်ပြု ပြောပါတယ်။

NLD ဘက်က ရွေးကောက်ပွဲ စည်းမျဉ်းတွေ ချိုးဖောက်ခဲ့တာ မရှိပေမယ့် နိုင်ငံရေး လုပ်ရာမှာ တချို့ အခြေအနေတွေ ရောက်ရင် ပုံစံခွက် အတိုင်း လုပ်ဆောင်လို့ မရကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။