မြန်မာအတွက် အိုဒီအေ အပြည့်ပြန်ပေးဖို့ ဂျပန်စဉ်းစားနေ

  • 29 ဖေဖော်ဝါရီ 2012
burma port
Image caption ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံက စီမံကိန်းကြီး တွေ အတွက် ဂျပန်က အကူအညီ ရပ်စဲခဲ့

ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံအတွက် ODA လို့ခေါ်တဲ့ နိုင်ငံရပ်ခြား ဖွံ့ဖြိုးရေး အကူ အညီတွေ အပြည့်အဝ ပြန်ပေးဖို့ စဉ်းစား စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောခွင့် ရသူ မစ္စတာ မာဆာရူ ဆာတိုက ပြောပါတယ်။

မြန်မာအတွက် ODA အစီအစဉ်တွေကို ပြန်ပေးရေး စဉ်းစားဖို့အတွက် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးကနေ သူ့အောက်က အရာရှိတွေကို ညွှန်ကြား ထားကြောင်း မစ္စတာ ဆာတိုက ပြောကြားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ODA တွေ ပြန်ပေးဖို့ မဆုံးဖြတ်ခင်မှာ မြန်မာနိုင်ငံ အနေနဲ့ အရင်တုန်းက တင်ရှိနေတဲ့ ကြွေးမီတွေ ပြန်ပေးရေး အတွက် ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း မစ္စတာ ဆာတိုက ပြောပါတယ်။

မြန်မာကနေ ဂျပန်ကို ပြန်ဆပ်ဖို့ ကျန်ရှိနေတဲ့ အကြွေးတွေဟာ ဂျပန်ယန်းငွေ ဘီလီယံ ၄၁၀ လောက်ရှိပြီး၊ ဂျပန် နိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီက ချေးထားတဲ့ ငွေကြေး ကတော့ ယန်းငွေ သန်း ၂၇၀ ကျော်ရှိကြောင်း မစ္စတာ ဆာတိုက ပြောပါတယ်။

အခုလို ODA တွေ ပြန်ပေးတဲ့နေရာမှာ မြန်မာ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို စောင့်ကြည့်နေမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အငြိမ်းစား စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဦးမော်သန်းကတော့၊ ODA တွေ အပြည့်အဝ ပြန်ရမယ်ဆိုရင် တိုင်းပြည်အတွက် မုချ အကျိုးရှိမှာ ဖြစ်ကြောင်း ပြောပါတယ်။

တိုင်းပြည်မှာ သယံဇာတတွေလည်းရှိပြီး လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားတွေလည်း ရှိတဲ့ အတွက်၊ ထိုက်တန်တဲ့ ရင်းနှီးမှုမျိုးနဲ့ သုံးစွဲမှုတွေကို လုပ်မယ်ဆိုရင် အကျိုးရှိမှာ ဖြစ်ကြောင်း ဦးမော်သန်းက ဘီဘီစီကို ပြောပါတယ်။