ဒေါ်စု ပြိုင်ဘက် ကြံ့ဖွံ့ အမတ်လောင်း မေးမြန်းခန်း

  • 28 ဖေဖော်ဝါရီ 2012
USDP
Image caption ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အဖွဲ့ဝင်များ မဲဆွယ် စည်းရုံး

ကော့မှုး မြို့နယ် မဲဆန္ဒနယ်မှာ ဒေါ်အောင် ဆန်း စုကြည်ကို ဝင်ပြိုင်ခွင့် ပေးလိုက်ပြီ ဖြစ်ပြီး သူနဲ့ယှဉ်ပြိုင်မယ့်ကြံ့ခိုင် ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမင်း ကို ဘီဘီစီက ဆက်သွယ် မေးမြန်းခန်းကို အတိုချုံး ဖော်ပြ လိုက်ပါတယ်။

ဒေါက်တာ စိုးမင်း။ ကျနော်က အဲဒိ ဒေသသား လည်း ဖြစ်တယ်၊ အရင်ကလည်း ဆေးခန်းဖွင့် ဖူးတယ်။ နောက်ပြီး ကျနော့ကားနဲ့ပဲကျွေးရွာ တွေ လှည့်ပြီး ဆေးကုသပေးနေတဲ့ အစီအစဉ် လည်းရှိတော့ ဒီက မဲဆန္ဒရှင်တွေက ကျနော်က လာမေးတဲ့အခါ ကျနော်တို့လုပ်ငန်းဆောင် ရွက်တာနဲ့ ပတ်သက်ပြီး၊ နောက် ကျနော်တို့ ပါတီရဲ့ ရည်ရွယ်ချက်တွေ အနေအထားတွေကို ဆေးကုရင်း ရှင်းပြရတဲ့ အနေအထား ရှိပါတယ်။

ဘီဘီစီ။ ဒေါ်အောင်ဆန်း စုကြည်က အမတ်လောင်း အဖြစ် ပြိုင်မယ် ဆိုတော့ မဲဆန္ဒရှင် တွေကလည်း အင်မတန် စိတ်ဝင်စားပါတယ်။ ဒီတော့ ခင်ဗျား ပြိုင်ဘက်ကလည်း အင်မတန် အားကောင်းနေပါတယ်။ ဒီတော့ ဒီနယ်မှာ ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကို USDP က တရားဝင် ချပေးတာလား၊ ဒေသခံမို့လို့ ယှဉ်ပြိုင်တာပဲလား ခင်ဗျ။

ဒေါက်တာ စိုးမင်း။ နံပါတ်တစ်ကတော့ ကျနော် ကိုယ်တိုင်က စိတ်ဝင်စားလို့ပါ။ ဒေသဖွံ့ ဖြိုးရေး အတွက် နိုင်ငံရေး ဘက်ကို ကျနော့ကို အခွင့်အလမ်း ပေးလိုက်ပြီး ကျနော်ကိုယ်တိုင် လျှောက်လွှာတင်ပြီး ပါဝင်တာပါ။ နောက်တခုက ပါတီ အနေနဲ့ကလည်း လူ ရွေးချယ်တဲ့ အခါ အထူးသဖြင့် ဆရာဝန် ဆိုရင် လူလေးစားမှု ရှိတဲ့လူ ဆိုတော့ ကျနော့ နိုမီနေးရှင်းကို သူတို့ လက်ခံလိုက်တာပါ။

ဘီဘီစီ။ မဲဆွယ် စည်းရုံးတဲ့အခါ မီးရအောင် လုပ်ပေးမယ်၊ လမ်းတွေ ပြင်ပေးမယ်ပြောတယ် တချို့ ဒေသတွေမှာ ဆိုရင်လည်း ငွေနဲ့ ပေးပြီးတော့ ဆွယ်တဲ့ သဘောတွေလည်း ပြောနေ တယ်၊ အဲဒိလို မသမာမှုတွေ မဖြစ်အောင် စဉ်းစား ထားပါလား။

ဒေါက်တာ စိုးမင်း။ ကျနော်တို့ အဖွဲ့အစည်းက ခေါင်းဆောင် အနေနဲ့ လုပ်ကိုင်ရတဲ့ အဖွဲ့ အစည်း ဖြစ်ပါတယ်။ နောက်တခုက ဆရာ အနေနဲ့ ကျောင်းသားတွေ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ သူတို့ တတ်အောင် ဆရာ အနေနဲ့ သင်ကြား ပေးရမှာ ဖြစ်သလို ပြည်သူ လူထုကို ဦးဆောင်မယ့် ဆရာ အနေနဲ့ ကျနော်တို့ ပါတီကလည်း ဘယ်သူက ပြော ပြော၊ ဘယ်ရှုဒေါင့်က ပြောပြော ကျနော်တို့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် တွေကို ချမှတ် ပြီးသားမို့ အဲဒိ အတိုင်း တစိုက်မတ်မတ် ဆောင်ရွက်သွားဖို့ ရှိပါတယ် ခင်ဗျာ။

ဘီဘီစီ။ အခု အပြင်မှာ ပြောနေတာက ကြံ့ခိုင် ဖွံ့ဖြိုးရေးရဲ့ မဟာဗျူဟာထဲမှာ မဲဆွယ်တဲ့ အခါမှာ အတိုက်အခံရဲ့ အားနည်းချက်ကို လေ့လာပြီး ထိုးနှက် ရမယ်လို့လည်း ကြားရပါ တယ်။

ဒေါက်တာ စိုးမင်း။ ကြားတာကတော့ ကြားတဲ့ အတိုင်းပေါ့ခင်ဗျာ။ ဒါပေမယ့် အပြင်မှာက အဲ့သလို မဟုတ်ဖူး ထင်ပါတယ်။ ဘာလို့ဆို နိုင်ငံတခုကို ဦးဆောင် ကြမယ့် ပါတီ အဖွဲ့အ စည်း ဆိုတာက ကိုယ့်ရဲ့ ဦးဆောင်မှု အခန်း ကဏ္ဍကို ကိုယ့်လမ်း ကိုယ်လျှောက်ပြီး စည်းရုံးရမယ်၊ ဟောပြောရမယ် ဆိုတာ ရှိပြီးသားပါ။

ဘီဘီစီ။ ဒေါ်အောင်ဆန်းစုကြည်က အားကောင်းတဲ့ ကိုယ်စားလှယ်လောင်း ဆိုတော့ နိုင်အောင် ဘယ်လို ညွှန်ကြားထားလဲ။

ဒေါက်တာ စိုးမင်း။ သူ့ကို နိုင်အောင် လုပ်ပါလို့ မညွှန်ကြားပါဘူး ခင်ဗျာ။ ကျနော်တို့ရဲ့ ပြည်သူတွေရဲ့ နှလုံးသားထဲက မဲဆန္ဒကို ယူရမှာ ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေ ကိုယ့်နိုင်ငံ တည်ဆောက်ရေးမှာ ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ အခါ နိုင်ငံရေးမှာ ဘယ်လို ပုံစံတွေ ရှိလို့ ကျနော်တို့ ဘယ်လို ခံခဲ့ရပြီးပြီ၊ နောက်မျိုးဆက် အတွက် ဘယ်လို လမ်းခင်း သင့်တယ် ဆိုတာ ပြည်သူတွေက သိရမှာပါ ခင်ဗျ။ သိဖို့ ဆိုတာလည်း ကျနော်တို့ ပညာ ပေးပါတယ်၊ ဟောပြော စည်းရုံးပါတယ်။

ဘီဘီစီ။ မဲပေးဖို့က တလလောက်ပဲ လိုတော့တာမို့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးစားမယ်လို့ အစိုးရက ပြောပါတယ်။ အဲ့သလို လွတ်လွတ် လပ်လပ် မဲပေး ရင်ရော ဒေါက်တာ စိုးမင်း အနေနဲ့ ဘယ်လောက် နိုင်ချေ ရှိပါလဲ။

ဒေါက်တာ စိုးမင်း။ ကျနော် ဒီနေ့ပဲ ရွာတရွာကို ဝင်ခဲ့ပါတယ်။ အဘိုးကြီး အဘွားကြီးတွေ အပါအ၀င် လူနာ တရာကျော် ကုခဲ့ ရပါတယ်။ သူတို့ အိမ်မှာ ရှိတဲ့ လူတွေကလည်း ကျနော့ဆီ လာပို့ကြပါတယ်။ ကျနော့ မေတ္တာ တရားနဲ့ ကျနော့ကို ခင်မင်ကြတယ်၊ တွယ်တာကြတယ်။ ပြီးတော့ ဆရာ့ ကျေးဇူးကို ပြန်ဆပ်ပါ့မယ်လို့လည်း အဘိုးကြီး အဘွားကြီးတွေက ပြော တယ်ခင်ဗျ။ အဲဒိတော့ ကျနော့ စည်းရုံးမှုကလည်း ကျနော့ ကြိုးစားမှုကနေ အထိုက် အလျောက် ပြန်ရမယ်လို့ ယူဆပါတယ်။