နောက်ပြန် လှည့်နိုင်သေးလို့ ဒေါ်စုဆို

  • 1 မတ် 2012
assk ဓာတ်ပုံ မူပိုင် AFP
Image caption တချို့က သိပ် အကောင်းမြင်လွန်း နေတယ်

နှစ် ၅ဝ ကြာ စစ်အုပ်ချုပ်ရေးက ဦးဆောင်တဲ့ ဒီမိုကရေစီ ပြောင်းလဲရေး တွေဟာ နောက်ပြန် မသွားတော့ဘူးလို့ ပြောဖို့ စောလွန်းကြောင်း မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဗုဒ္ဓဟူးနေ့က ပြောကြား ခဲ့ပါတယ်။

တချို့က သိပ် အကောင်းမြင်လွန်း နေတယ် ၊ သူ့အနေနဲ့တော့ အခြေအနေကို သတိထားပြီး အကောင်းမြင်တယ်လို့ ကနေဒါ နိုင်ငံ အော့တာဝါ တက္ကသိုလ် ကျောင်းသားတွေကို ဗီဒီယိုနဲ့ စကားပြော ရာမှာ ဒေါ် အောင်ဆန်း စုကြည်က ပြောဆို ခဲ့တာပါ။

အကြွင်းမဲ့ အာဏာဟာ စစ်တပ်လက် မှာပဲ ရှိနေသေး တာမို့ ဒီမိုကရေစီ ကူးပြောင်းရေးကို စစ်တပ်က လုံးဝ ထောက်ခံ မလာမချင်း နောက်ပြန် လှည့်မယ့် အန္တရာယ် မရှိဘူးလို့ ပြောလို့ မရသေးကြောင်း ဒေါ် အောင်ဆန်း စုကြည်က ဆိုပါတယ်။

မြန်မာပြည် အခြေအနေဟာ ပြုပြင် ပြောင်းလဲရေး လမ်းစပေါ် ရောက်နေပြီလို့ ဒေါ် အောင်ဆန်း စုကြည် ပြောဆိုခဲ့ပြီး ဧပြီ ကြားရွေးကောက်ပွဲကို ဝင်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

နေပြည်တော်မှာ ဒေါ် အောင်ဆန်း စုကြည် စည်းရုံးဟောပြောဖို့ စီစဉ်ထားတဲ့ လယ်ကွင်းကို အသုံးမပြုဖို့ ဒေသ အာဏာပိုင်တွေက တားမြစ်မှုတွေ ရှိနေတယ်လို့ သတင်း ရရှိပါတယ်။