NLD အမတ်လောင်း တိုင်းကော်မရှင် ပယ်ချ

  • 2 မတ် 2012
nld ဓာတ်ပုံ မူပိုင် AFP
Image caption ၁၉၉၀ ရွေးကောက်ပွဲနိုင် NLD အမတ်ကို ကော်မရှင်ပယ်ချ

ကသာခရိုင် မဲဆန္ဒနယ် အမှတ် ၇မှာ အမျိုးသား လွှတ်တော် အမတ်နေရာ အတွက် NLD က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို တိုင်း ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချ လိုက်တယ်လို့ သိရပါတယ်။

ဦးစောလှိုင်ဟာ အသည်းရောဂါ ကုသဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီကို ရောက်နေ တာကြောင့် ဦးစောလှိုင်ရဲ့ ကိုယ်စားလှယ် ဦးမြင့်ကြည်ကို ခရိုင်ကော်မရှင် ဥက္ကဋ္ဌက ခေါ်ပြီး ဦးစောလှိုင်ဟာ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ အတွက် ပယ်ချကြောင်း ပြောဆိုခဲ့တယ်လို့ ဦးမြင့်ကြည်က ပြောပါတယ်။

ဘာကြောင့် ပယ်ချတယ်ဆိုတာ ကော်မရှင်က မကြာခင် စာနဲ့ တရား၀င် အကြောင်း ကြားမယ်လို့ သိရပါတယ်။

ဦးစောလှိုင်ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အင်းတော် မြို့နယ် NLD အမတ်အဖြစ် အနိုင်ရပြီး ဖြစ်လို့ ခု ပယ်ချခံရတဲ့ ကိစ္စကို ဥပဒေကြောင်း အရ ဆက်လက် ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ကြာသပတေး နေ့မနက်မှာ ရန်ကုန်ကနေ ဟဲဟိုးကို လေယာဉ်နဲ့ ရောက်လာပြီး အောင်ပန်းမှာ ထောင်သောင်းချီတဲ့ ပရိသတ်ကို ဟောပြောခဲ့သလို ကလောနဲ့ ဟဲဟိုးမှာလည်း မဲဆွယ် စည်းရုံး ခဲ့ပါတယ်။