နောက်ပြန် မလှည့်ဘူး လို့ သမ္မတ ပြော

  • 2 မတ် 2012
Thein Sein ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာသမ္မတ ဦးသိန်းစိန်

အစိုးရ သက်တမ်းကာလ တနှစ် ပြည့်လာတဲ့ ကာလမှာ မြန်မာ သမ္မတ က နိုင်ငံ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု တွေ လုပ်ဆောင် နေတဲ့ လမ်းကြောင်း ကနေ နောက်ပြန် လှည့် သွားမှာ မဟုတ် ကြောင်း မတ်လ ၁ ရက် နေ့ က ထပ်မံ ပြောကြား လိုက် ပါတယ်။

ပြည်ထောင်စုလွှတ်တော် တွင်း တနာရီ နီးပါး ပြောကြားသွားတဲ့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာ အားလုံးပါဝင် နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ် တခု ကို ဖော်ဆောင်နေတာ အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေ နဲ့ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အစိုးရ က ကြိုးစား နေတာ၊ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးအောင် ကြိုးစားတဲ့ နေရာမှာ လည်း နိုင်ငံသား အားလုံး လူသား ဂုဏ်သိက္ခာ နဲ့ အညီ နေနိုင် စားနိုင် တဲ့ အားလုံးအတွက် တိုးတက်မှု ဖြစ်အောင် ကြိုးစားတဲ့ အခြေခံမူ ကို အစိုးရ က ချမှတ်ထား တာ စတာ တွေ ပါ၀င်ပါတယ်။

တရားဥပဒေ စိုးမိုးရေး နဲ့ အကျင့်ပျက် လာဘ်စားမှု ပပျောက်ရေး ကို လည်း လုပ်ဆောင်သွားမယ့် အကြောင်း သမ္မတ က မိန့်ခွန်းထဲမှာ အာမခံထား ပါတယ်။

သမ္မတရဲ့ အခု မိန့်ခွန်း က ဘက်ပေါင်းစုံ ကနေ အစိုးရ က အကောင်း တွေ လုပ်နေကြောင်း ပြလိုတဲ့ အနေနဲ့ အသေအချာ ရေးသား ပြင်ဆင် ခဲ့တာ လို့ အများ က သုံးသပ်ကြ ပါတယ်။

ထာဝရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နဲ့ ပတ်သက်လို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း တွေ နဲ့ အစိုးရ က ဆွေးနွေး လုပ်ဆောင် နေတဲ့ နေရာမှာ အဆင့် ၃ ဆင့်ထား ပြီး လုပ်ဆောင် နေကြောင်း နဲ့ ပြည်နယ် အဆင့် မှာ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင် ပြီးရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း နိုင်ငံ မှာ စစ်တပ် တခုတည်း ရှိရေး နဲ့ အခြေခံ ဥပဒေ ကို ပြင်ဆင်ချင်ရင် လွှတ်တော် က တဆင့် ပြင်ဆင်တဲ့ လမ်းကြောင်း ကို လုပ် ကြဖို့ သမ္မတ က လမ်းညွှန်ထား ပါတယ်။

ဒါမှ ဒုတိယ အဆင့် ပြည်ထောင်စု အစိုးရ အဆင့် နဲ့ နောက်ဆုံး လွှတ်တော် အဆင့် မှာ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် နိုင်မှာ ဖြစ်ကြောင်း သူ ပြောသွား ပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ က ပြောခွင့်ရ ပုဂ္ဂိုလ် ခွန်ဥက္ကာ က သူတို့ အနေနဲ့ လွှတ်တော် တွင်း ပြည်ထောင်စု အရေး ပြောဆိုနိုင် ဖို့ ပထမ အဆင့် အနေ နဲ့ ကြိုးပမ်းသွား နိုင်မယ် လို့ မျှော်လင့် ထား ကြောင်း နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် အကန့်အသတ် ဖြစ်နေတာ ကြောင့် ပြင်ဆင်သွား ဖို့ လိုအပ် တယ် လို့ တုန့်ပြန် ပါတယ်။

အစိုးရ အတွင်း ခေါင်းမာဂိုဏ်း အပေျာ့ ဂိုဏ်း ဆိုတဲ့ ကွဲပြားမှု တွေ မရှိကြောင်း နဲ့ စစ်တပ် အပါအဝင် သူတို့အားလုံး က ကြီးလေး တဲ့ အသွင်ကူးပြောင်းရေး တာဝန် ကို ထမ်းရွက် နေကြကြောင်း သမ္မတ က အခု မိန့်ခွန်း ထဲမှာ ပြောကြား ခဲ့ပေမယ့် ဒီ ကွဲပြားမှုတွေ မရှိပါဘူး ဆိုတဲ့ အချက်အပေါ် မယုံကြည် ကြသူ အများအပြား ရှိနေ ပါတယ်။

လွှတ်တော်တွင်း သဘောထား

သမ္မတ မိန့်ခွန်းထဲမှာ ပင်လုံစိတ်ဓာတ်နဲ့အတူ ငြိမ်းချမ်းရေးစကားတွေ ပြောတဲ့အပေါ် လွှတ်တော် အမတ်တွေကတော့ ကျေနပ်မှု ဖြစ်ကြပေမယ့် သမ္မတရဲ့ လွှတ်တော်တွင်း ပြောတဲ့ မိန့်ခွန်းမှာ လွှတ်တော်ဘက်က တင်ပြဆွေးနွေးထားတဲ့ အချက်တွေ သိပ်မပါတာကိုတော့ အားမရကြဘူးလို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဘတ်ဂျက် ကိစ္စလိုမျိုးမှာ အစိုးရရဲ့ လုပ်ဆောင်မှုတွေက အရင်အစိုးရပုံစံနဲ့ သိပ်မကွာတဲ့ သဘောတွေ တွေ့နေရတယ်လို့ သူက ပြောပါတယ်။