နေမကောင်းတဲ့ကြားက မန္တလေးလူထုကို ဒေါ်စု မိန့်ခွန်းပြော

  • 3 မတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption မိုးရွာနေတဲ့ကြားက မန္တလေးလူထုက ဒေါ်အောင်ဆန်း စုကြည်ကို တခဲနက် ကြိုဆိုခဲ့ကြ

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးမြို့ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိလာရာမှာ မန္တလေး မြို့ခံ သောင်းနဲ့ ချီ ကြိုဆိုခဲ့ကြပါတယ်။

တံတားဦးလေဆိပ်ကနေ ထွက်ခွာလာရာမှာ NLD တံဆိပ်ပါ တီရှပ်တွေ ဝတ်ထားတဲ့ ပြိုင်ဘီးစီး စက်ဘီးသမားတွေ၊ ဆိုင်ကယ် သမားတွေ ပါတဲ့ ကြိုဆိုရေး ကားတန်းကြီးကို လမ်းတလျှောက် လူတွေက စောင့်ဆိုင်း ကြိုဆိုခဲ့ကြတဲ့အတွက် တအိအိနဲ့ ထွက်ခဲ့ရပြီး မွန်းလွဲ တနာရီကျော်ကြာမှ အောင်ပင်လယ် ကွင်းကို ရောက်ခဲ့ရတယ်လို့ မန္တလေး မြို့ခံ တဦးက ဘီဘီစီကို ပြောပါတယ်။

လမ်းခရီးမှာ မူးဝေ အော့အန်ပြီး ဆရာဝန်နဲ့ ပြခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေမကောင်းတဲ့ကြားက လူထုကို ကြိုးစား မိန့်ခွန်း ပြောခဲ့တယ်လို့ သိရပါတယ်။

သူ နေမကောင်းတဲ့အတွက် လူထုကို မိန့်ခွန်း ရှည်ရှည် မပြောနိုင်တာကို တောင်းပန်ရင်း မန္တလေးမြို့ကို နောက်တခေါက် ပြန်လာမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီကို မဲပေးကြဖို့နဲ့ NLD ပါတီဝင် အမတ်တွေ အပေါ်မှာလည်း ဝေဖန်စရာ ရှိရင် ဝေဖန်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်း ထဲမှာ ပြောသွားပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကို မန္တလေး ဒေသခံတွေ ကြိုဆိုရာမှာ ရွှေဝါရောင် ခွပ်ဒေါင်း အလှပြ ယာဉ်ကြီး ပါသလို NLD ဝတ်စုံ ဝတ်ပေးထားတဲ့ ဧရာမ လူရုပ်ကြီးနဲ့ လူပရိသတ် သောင်းပေါင်း များစွာ လှည့်လည် ကြိုဆိုခဲ့ကြတဲ့အတွက် ဒုတိယ မန္တလေး သင်္ကြန်လို့ မန္တလေး သားတွေက တင်စား ပြောခဲ့ကြတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့မှာတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ စစ်ကိုင်းမြို့ကို သွားရောက်ဖို့ ရှိပါတယ်။