ကျောင်းသားအရေးနဲ့ဒီမိုကရေစီ အသွင်ပြောင်း

  • 4 မတ် 2012
htun_aung_gyaw
Image caption မြန်မာ့အရေး ဦးထွန်းအောင်ကျော် ဆွေးနွေး

မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် ပေါ်ပေါက်လာခြင်း နဲ့ ကျောင်းသားကဏ္ဍ နဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ ကို ဂျပန် နိုင်ငံ ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစု တွေနဲ့ ABSDF ကျောင်းသားဟောင်း တွေ ဦးစီးပြီး ကျင်းပရာမှာ ABSDF ဉက္ကဌ ဟောင်း ဦးထွန်းအောင်ကျော် ပါဝင် ဟောပြော ဆွေးနွေးပါတယ်။

အထူးသဖြင့် စစ်အစိုးရမှ အရပ်သား အစိုးရ အသွင် ကူးပြောင်းပြီး၊ သမ္မတ ဦးသိန်းစိန် ရဲ့ ရာထူးသက်တမ်း တနှစ် မှာ ဒီမိုကရေစီရေး ဘက်၊ အငွေ့အသက် ထွက်လာတာ ကို သတိပြုမိကြောင်း ဦးထွန်းအောင်ကျော် က ဘီဘီစီ ကို ပြောပြပါတယ်။ ပြည်တွင်းမှာ ဒီမိုကရေစီ ရေး လှုပ်ရှားမှု တချို့ ခွင့်ပြုလာတာ တွေ့ရသလို၊ ပြည်ပ မှ တက်ကြွလှုပ်ရှား သူတွေကိုလည်း ပြန်လာဖို့ ဖိတ်ခေါ်တာ ရှိလာပုံ၊ ဒါပေမယ့် သိက္ခာ ရှိရှိ နဲ့ လွတ်ငြိမ်းခွင့် အပြည့် အဝ ပေးပြီး အမျိုးသား ပြန်လည်ပေါင်းစည်း ရေးရရှိဖို့ ကမ်းလှမ်းရန် ကျန်နေသေးကြောင်း ပြောပြပါတယ်။

ကျောင်းသား လှုပ်ရှားမှု မှာ အရလည်း ၁၉၆၂ ခု စစ်တပ်မှ အာဏာ သိမ်းချိန် က စလို့၊ မှိုင်းရာပြည့်၊ ဦးသန့် အရေးအခင်း၊၁၉၈၈ လူထုအုံကြွမှု စတာ တွေမှာ ကျောင်းသားတွေ ပါဝင်တာ တောက်လျှောက် တွေ့ခဲ့ရ သလို၊ သံဃာ့ လှုပ်ရှားမှု အထိ ပါဝင်ခဲ့ပုံ၊ ၈၈ မျိုးဆက် ကျောင်းသား အုပ်စု ဟာ၊ နှစ် ၂ဝ ကျော် အကျဉ်းကျခံပြီး နိုင်ငံအတွက် အနစ်နာ ခံခဲ့ပုံ တွေ ရှင်းပြပါတယ်။

အခုထိ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဟာ၊ နိုင်ငံတွင်း လှည့်လည် လှုပ်ရှားမှု ပြုနေဆဲ မို့၊ ပြည်ပ ကျောင်းသားထု ရဲ့ ထောက်ခံအားပေးမှု ရနေကြောင်း၊ ကျောင်းသား သမဂ္ဂ တွေ၊ ပြန်လည် ဖွဲ့စည်းလာကြမှုဟာ အားတက်စရာကောင်းတဲ့ အကြောင်း၊ ဒါပေမယ့် တက္ကသိုလ် ကျောင်းအုပ် တချို့က ကျောင်းသားတွေ နိုင်ငံရေး လုပ်ရင် ကျောင်းက ထုတ်ပစ်မယ် လို့ ပြောဆိုမှု ကြားရလို့၊ ဒါဟာ ၁ဂ နှစ်ကျော်ရင် နိုင်ငံရေး ပါတီ ဝင်ခွင့်ရတဲ့ အခြေခံ ဉပဒေ ကို ချိုးဖေါက်ရာ ရောက်တဲ့ အတွက်၊ ဦးသိန်းစိန် အစိုးရ အနေနဲ့ အရေးယူသင့် ပုံတွေ ဦးထွန်းအောင်ကျော် က ဘီဘီစီ ကို ပြောပြပါတယ်။