KIO နဲ့ အစိုးရ အကြား ဆွေနွေးပွဲ ပြန်စမယ်

  • 3 မတ် 2012
ဓာတ်ပုံ မူပိုင် kachinnet
Image caption ဇန်နဝါရီ လတုန်းကလည်း တရုတ်နိုင်ငံ ရွှေလီမြို့မှာ နောက်ဆုံးတွေ့ဆုံ ဆွေးနွေးခဲ့

ကချင်လွပ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရ အကြား နောက်တကြိမ် ထပ်မံ တွေ့ဆုံ ဆွေးနွေးမှုကို ဒီတပတ် အတွင်း ပြန်လည် စတင်နိုင်တော့မှာ ဖြစ်ကြောင်း သိရပါ တယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကနေ ဒီလထဲမှာ ဆွေးနွေးဖို့ KIO ကို အကြောင်းကြား ကမ်းလှမ်းတာကို KIO ဘက်ကလည်း တုံ့ပြန် အကြောင်းကြားခဲ့ပြီ ဖြစ်တဲ့အတွက် ဒီအပတ်ထဲ ဆွေးနွေးပွဲတွေ ပြန်စနိုင်တော့မှာ ဖြစ်ပါတယ်။

ဆွေးနွေးမယ့် နေရာကတော့ တရုတ်- မြန်မာနယ်စပ် တရုတ်နိုင်ငံဖက်ခြမ်း တနေရာမှာ ဖြစ်နိုင်ကြောင်း သိရပါတယ်။

KIO ကိုယ်စားလှယ်အဖွဲ့နဲ့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈-၁၉ ရက်တွေမှာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ နောက်ဆုံးတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးတဲ့ နောက်ပိုင်း ရပ်ဆိုင်းနေခဲ့ရာမှ၊ အခုတခါ နောက်ထပ် ထပ်မံ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်လာတာပါ။

အခုလို နှစ်ဖက် တွေ့ဆုံဆွေးနွေးကြဖို့ စိုင်းပြင်းနေကြပေမဲ့၊ တဘက်မှာလည်း KIA နဲ့ အစိုးရ စစ်တပ်တွေအကြား စစ်ရေးလှုပ်ရှားမှုတွေ ကတော့ ဆက်လက်ရှိနေပြီး၊ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုတွေလဲ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

ကြာသပတေးနေ့က ဆိုရင်၊ ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲနဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ် အကြားရှိ KIA တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်တွေ အကြား၊ မနက် စောစောပိုင်း ကနေ ညနေပိုင်းလောက်အထိ တိုက်ပွဲတခု ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲ အတွင်း နှစ်ဖက်ထိခိုက် ဒဏ်ရာမှုတွေ ရှိကြောင်း သိရပေမဲ့ အရေအတွက် အတိ အကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါ။