တိုင်ရီ စက်ရုံ အလုပ်သမားတွေ သမဂ္ဂ ဖွဲ့

  • 5 မတ် 2012
ဓာတ်ပုံ မူပိုင် photo ThanToeAg
Image caption လုပ်ခ လစာတိုးပေးရေး တောင်းဆိုရာကနေ တိုင်ရီအလုပ်သမားတွေ ဆန္ဒပြခဲ့ကြ

လှိုင်သာယာ စက်မှုဇုံ ၃ မှာရှိတဲ့ တိုင်ရီ ဖိနပ် စက်ရုံ အလုပ်သမားတွေဟာ တနင်္ဂနွေနေ့က အခြေခံ အလုပ်သမား သမဂ္ဂ တိုင်ရီ ဖိနပ်စက်ရုံ ဆိုပြီး ဖွဲ့စည်းလိုက်တယ်လို့ သမဂ္ဂ ခေါင်းဆောင်တဦးက ပြောပါတယ်။

အခု ဖွဲ့လိုက်တဲ့ အခြေခံ အလုပ်သမား သမဂ္ဂ ကတော့ တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေ အားလုံးကို ကိုယ်စားပြုတဲ့ အလုပ်သမားတွေ သက်သက်နဲ့ ဖွဲ့စည်းထားတဲ့ သမဂ္ဂ ဖြစ်ပါတယ်။

တရားဝင် မှတ်ပုံတင်မှာ ဖြစ်တဲ့ အတွက် ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ဥပဒေနဲ့အညီ ဖွဲ့စည်း လိုက်တာ ဖြစ်တယ်လို့ သမဂ္ဂ ခေါင်းဆောင် ဦးမျိုးမင်းသိန်းက ပြောပါတယ်။

အဲဒီအဖွဲ့ထဲမှာ အလုပ်သမားခေါင်းဆောင် ၃၅ဦးမှာ ၅ဦးကနေ ၇ဦးပါတဲ့ အလုပ်အမှုဆောင် တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

အစိုးရသစ်ရဲ့ အလုပ်သမား သမဂ္ဂ ဥပဒေကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အတည်ပြု ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အလုပ်သမား သမဂ္ဂ မှတ်ပုံတင် အရာရှိ မခန့်ရသေးလို့ဆိုပြီး တင်လာသမျှ အလုပ်သမား သမဂ္ဂသစ်တွေကို လက်မခံသေးပဲ ပယ်ချနေခဲ့တာ ဖြစ်ကြောင်းနဲ့ ဒါပေမယ့် အခု မှတ်ပုံတင်ခွင့် မရသေးရင်လည်း တရားဝင်နေပြီလို့ ဒီသမဂ္ဂ ဖွဲ့ရေး အကြံပေးခဲ့တဲ့ ရှေ့နေ ဦးဌေးက ပြောပါတယ်။

တိုင်ရီ အလုပ်သမားတွေက လုပ်ခလစာ တိုးပေးရေးအတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၆ရက်နေ့က စ သပိတ်မှောက်ခဲ့ရာမှာ မတ်လ ၁ရက်နေ့ကမှ မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခ ဖြေရှင်းရေး ကော်မီတီက ကြားဝင် ဆုံးဖြတ်လိုက်လို့ ပြေလည်သွားခဲ့ပါတယ်။

ဒီပဋိပက္ခကြောင့်ပဲ တိုင်ရီ အလုပ်သမားတွေနဲ့ မိမိတို့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် မိမိတို့ ကိုယ်တိုင် သမဂ္ဂ ဖွဲ့ဖို့ ဖြစ်လာရတယ်လို့ သမဂ္ဂ ခေါင်းဆောင်က ပြောပါတယ်။