ဒေါ်စု တိုင်းရင်းသား အမတ် တွေနဲ့ တွေ့

  • 6 မတ် 2012

နေပြည်တော်မှာ ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တိုင်းရင်းသား ပါတီတွေက လွှတ်တော် အမတ် တွေနဲ့ အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်စု တွေ့ဆုံ သူတွေထဲမှာ အမျိုးသမီး တိုင်းရင်း သား အမတ် တွေလည်း ပါဝင်

တိုင်းရင်းသား အမတ် တွေက ဗိုလ်ချုပ် အောင်ဆန်းလို မြန်မာ့ နိုင်ငံရေးကို ဦးဆောင် နိုင်စေဖို့ ဝိုင်းဝန်း ဆန္ဒပြုကြပြီး တိုင်းရင်းသား အရေး တွေကို ဆွေးနွေး ခဲ့ကြ တယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီက အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က ပြည်ထောင်စု ကြီးမှာ တိုင်းရင်းသားတွေ စုံစုံ ညီညီ ရှိနေတာ ကိုက အလှ တရား ဖြစ်ပြီး တိုင်းရင်းသား တွေရဲ့ ဘာသာ၊ စာပေနဲ့ ယဉ်ကျေးမှု တွေ ဖွံ့ဖြိုး တိုးတက်မှ ပြည်ထောင်စုကြီး လှပမယ် လို့ ပြောဆို ကြောင်းလည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးမှု နိမ့်ကျ နေတာ တွေ့ရတယ်၊ တိုင်းရင်းသား ပြည်နယ်တွေမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် တို့ တောင်းနေကြ တဲ့ အပေါ်လည်း အသေအချာ စဉ်းစားဖို့ လိုနေ ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောတယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတာဟာ ခွဲထွက်ခွင့်နဲ့ မတူဘူး၊ တိုင်းပြည်ကို ညီညီ ညွတ်ညွတ် မျှမျှ တတ တည်ဆောက် သွားမှ ရေရှည် တည်တံ့ မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာ ကိုလည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

လွှတ်တော် အမတ် တွေက ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်တွင်းကို ဝင်ရောက်လာမှာကို ကြိုဆိုဖို့ အသင့် ရှိနေကြပြီး လွှတ်တော် တွင်းကို ဝင်ရောက်လာမယ် ဆိုရင် ဒီမိုကရေစီ လမ်းကြောင်း ကို ပိုမို အရှိန် ပြင်းပြင်းနဲ့ သွား နိုင်လိမ့်မယ်လို့ လွှတ်တော် အမတ်တွေက မျှော်လင့် နေကြ တယ်လို့လည်း ဒေါက်တာ အေးမောင်က ပြော ပါ တယ်။