နိုင်ငံခြားငွေ လဲနှုန်း တမျိုးတည်း ဖြစ်တော့မယ်

  • 6 မတ် 2012

မြန်မာ နိုင်ငံမှာ နှစ်ပေါင်း များစွာ နိုင်ငံခြား ငွေကြေးနဲ့ မြန်မာ ကျပ်ငွေ လဲလှယ် မှု နှုန်းထား အမျိုးမျိုး ရှိနေတာကို တပြေးညီ ဖြစ်သွားအောင် မြန်မာ အာဏာပိုင် တွေက မကြာခင် သတ်မှတ် ပါတော့မယ်။

ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲနှုန်း အမျိုးမျိုး ဖြစ် နေ တာကို ပြင်ဖို့ ကြိုးစားနေ

လာမယ့် ဧပြီလ ၁ ရက်နေ့က စပြီး တရားဝင် ငွေလဲလှယ်နှုန်းကို ကိုးကား ရည်ညွှန်း စရာအဖြစ် ဗဟိုဘဏ်ကနေ နေ့စဉ် သတ်မှတ် ပေးသွားမယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးနေအေးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ စျေးကွက် ထဲမှာ ပေါက်နေတဲ့ အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ ၈ဝဝ ဝန်းကျင် လောက် ဖြစ်နိုင်တယ်လို့ ခန့်မှန်းတဲ့ အကြောင်းလည်း ဦးနေအေးက ပြော ပါတယ်။ ဒါကြောင့် လက်ရှိ အစိုးရ သတ်မှတ်ထားတဲ့ အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ ခြောက်ကျပ် ကျော်နှုန်းထားက ပျောက်ကွယ် သွားတော့မှာဖြစ်ပါတယ်။

စျေးကွက် အခြေ အနေပေါ် မူတည်ပြီး ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်ရဲ့ အင်တာနက် ဝက်ဆိုက်မှာ နေ့စဉ် တင်ပေးသွားမယ်လို့လည်း ဦးနေအေးက ပြောပါတယ်။

အခုလို ပြောင်းလဲ သတ်မှတ်မယ့် ကိစ္စဟာ IMF အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့နဲ့ ကြိမ်ဖန်များစွာ ဆွေးနွေး ညှိနှိုင်းမှုကနေ ရလာတဲ့ ရလဒ် ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ က ပြောပါတယ်။

တရားဝင် ငွေလဲလှယ် နှုန်းက အပြင်စျေးနဲ့ တသားတည်း ဖြစ်မယ်၊ ဒါမှ မဟုတ် နီးစပ်မယ် ဆိုရင် ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ရမှာ ကို ယုံကြည်မှု ပိုမို ခိုင်မာ လာမယ်လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်းဖြစ်၊ ကုန်သည် စက်မှု လုပ်ငန်းရှင်များ အသင်း UMFCCI ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး လည်း ဖြစ်တဲ့ ဦးမြင့်စိုးက ပြောပါတယ်။

ငွေလဲနှုန်း တပြေးတည်း ဖြစ်သွားတဲ့ အတက် ပြည်ပ ပို့ကုန် လုပ်ငန်းကို အကြီး အကျယ် ရိုက်ခတ်မှာ မဟုတ်ဘဲ ပို့ကုန် လုပ်ငန်းတွေ အနေနဲ့ကတော့ အခွန်ပေးဆောင်ရာမှာ တွက်တဲ့ နှုန်း မြင့်လာနိုင်လို့ ငွေ နည်းနည်း ပိုပေးရ လိမ့်မယ် လို့လည်း သူက ပြောပါတယ်။

လောလောဆယ်မှာ အစိုးရရဲ့ တရားဝင် သတ်မှတ်နှုန်း၊ မှောင်ခို ငွေလဲနှုန်း၊ နယ်စပ် ငွေလဲနှုန်း စသဖြင့် အမျိုးမျိုး ဖြစ်နေတဲ့ ငွေလဲလှယ် နှုန်းထားကို တသမတ်တည်း ဖြစ်အောင် သတ်မှတ် လိုက်ခြင်း အားဖြင့် မြန်မာ နိုင်ငံဟာ အာရှမှာ စီးပွားရေး အရ ရှေ့တန်းရောက် လာနိုင် မယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ် နေကြ ပါတယ်။