ဧပြီ လဆန်းမှာ ABSDF နဲ့ အစိုးရ စတင် ဆွေးနွေးမယ်

  • 7 မတ် 2012

မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက်ကြိုတင် ပြင်ဆင်ဖို့ ABSDF မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ ရှေ့ပြေး ကိုယ်စားလှယ် အဖွဲ့ ဘားအံမြို့ကို ဗုဒ္ဓဟူး နေ့က ထွက်ခွာ သွားကြ ပါတယ်။

ဓာတ်ပုံ မူပိုင် bbc Aung Kyaw oo
Image caption ကျောင်းသား တပ်မတော် ငြိမ်းချမ်းရေး ရှေ့ပြေး အဖွဲ့

အဲဒီ ရှေ့ပြေး အဖွဲ့မှာ ABSDF ကိုယ်စားလှယ် အဖွဲ့ကို အတွင်း ရေးမှူး ( ၁) ဦးမြင့်ဦးက ဦးဆောင်ပြီး အဖွဲ့ဝင် ခြောက်ယောက် လိုက်ပါ သွားကြ ပါတယ်။

လူမျိုးစု လက်နက်ကိုင် အဖွဲ့ တဖွဲ့ပြီး တဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေတဲ့ မြန်မာ အစိုးရဟာက အခု ABSDF ကျောင်းသား တပ်မတော် နဲ့ပါ ဆွေးနွေး လာတာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်က လူထု အုံကြွမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ နယ်စပ်ကို တိမ်းရှောင်လာ ကြတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသား တပ်မတော်ကို စတင် ဖွဲ့စည်းခဲ့ ပါတယ်။

အခုချိန် မှာတော့ ကျောင်းသား တပ်မတော်ဟာ ဒီအဖွဲ့ကို စတင် ထူထောင်စဉ်ကလောက် အင်အား မရှိတော့ ပေမဲ့ နိုင်ငံရေး အရ သြဇာ ရှိတဲ့အဖွဲ့ ဖြစ်တာကြောင့် အစိုးရဘက်က ဒီအဖွဲ့နဲ့ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးဖို့ ဖြစ်လာ တာလို့ အများက သုံးသပ် နေကြ ပါတယ်။

ကျောင်းသား တပ်မတော် ရှေ့ပြေး ကိုယ်စားလှယ် အဖွဲ့ဟာ လာမယ့် ဧပြီ လဆန်း ပိုင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေး ဖို့သွားမယ့် သူတို့ရဲ့ ကိုယ်စားလှယ် အဖွဲ့အတွက် အကြို ပြင်ဆင်ဖို့ ဖြစ်တယ်လို့ အဖွဲ့ ဒုတိယ ဥက္ကဌ ကိုမျိုးဝင်းက ဘီဘီစီကို ပြောပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်ပိုင် ပြဌာန်းခွင့် နဲ့ နယ်မြေ ပြဌာန်းရေး တို့ကို အဓိကထား ပြောကြပေမဲ့ ABSDF ကတော့ ဘာ အကြောင်း အရာ အပေါ် အခြေခံ ပြီး ဆွေးနွေးမယ် ဆိုတာ မပြောကြသေး ပါဘူး။

ABSDF ကျောင်းသား တပ်မတော်ဟာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာ နိုင်ငံ ထဲကို ဆွေးနွေးဖို့ သွားတဲ့ အခါ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေရှ့်နဲ့ အိန္ဒိယ စတဲ့ နယ်စပ်တွေမှာ အခြေစိုက်တဲ့ ကျောင်းသား တပ်မတော် အဖွဲ့ခွဲ တွေရဲ့ ကိုယ်စားလှယ် တွေလည်း လိုက်ပါ သွားကြမယ်လို့ ဆိုပါတယ်။