ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်စုနဲ့ တွေ့

  • 8 မတ် 2012

မြန်မာ နိုင်ငံကို ရောက် နေတဲ့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး John Baird က ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးပြီး ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသား ဘွဲ့ကို ပေးအပ် ချီးမြှင့်ခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကနေဒါ ဝန်ကြီး John Baird က မဟာမိတ် ပါတီ တွေနဲ့ တွေ့ပြီး သဘောထားတွေ မေးခဲ့

ဒါ့အပြင် နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေ ပါဝင်တဲ့ မဟာမိတ် ပါတီတွေနဲ့ လည်း တွေ့ဆုံ ခဲ့ပါတယ်။

ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာ့ နိုင်ငံရေး မှာ အပြောင်း အလဲတွေ ဖြစ်နေတဲ့ ကိစ္စ၊ ကြားဖြတ် ရွေးကောက်ပွဲ ဘယ်လောက် အရေးကြီးသလဲ ဆိုတာ ပတ်သက်လို့ လက်ရှိ နိုင်ငံရေး ပါတီတွေ ရဲ့ သဘော ထားကို မေးမြန်း ခဲ့တယ်လို့ ဆွေးနွေးရာမှာ ပါဝင်တဲ့ ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးဦးလှစောက ပြော ပါတယ်။

တိုင်းရင်းသား အရေးဟာ အရေးကြီးတဲ့ အကြောင်းနဲ့ ကချင် နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အဖြေ မထွက်သေးတဲ့ အကြောင်း တို့ကိုလည်း တိုင်းရင်းသား တွေက ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့တော့ ပါတီတွေ ကြားမှာ အမြင်တွေ မတူညီကြဘဲ တချို့က ရွေးကောက်ပွဲဟာ ထူးခြားမှု သိပ် မရှိဘူလို့ မြင်ကြ ပေမဲ့ တချို့ကတော့ ဒီမိုကရေစီ ဖြစ်စဉ် အတွက် အရေး ကြီးတဲ့ အလှည့် အပြောင်း အဖြစ် မြင်ကြတယ် လို့ လည်း သူက ပြောပါတယ်။

ဒါ့အပြင် ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှု အပေါ် သဘောထား ကိုလည်း မေးခဲ့ ရာမှာ ဒီမိုကရေစီ မိတ်ဆွေများ ပါတီ တွေက ပိတ်ဆို့ အရေးယူမှုကို မကြိုက်တဲ့ အတွက် အကျိုး အကြောင်း ရှင်းပြ ပြောဆို ခဲ့ကြတယ်လို့ ဦးဦးလှစောက ပြော ပါတယ်။

ကနေဒါ ဝန်ကြီး ဘက်ကတော့ သူ့ အမြင်ကို သိပ် မပြောဘဲ သူသိချင်တာတွေကို သာ မေးသွား ခဲ့တယ်လို့လည်း ဦးဦးလှစောက ပြော ပါတယ်