မြန်မာအမျိုးသမီးတွေ အခွင့်အရေးချိုးဖေါက်ခံရဆဲဖြစ်

  • 8 မတ် 2012
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆန္ဒပြပွဲ
Image caption အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆန္ဒပြပွဲ

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းနေရာ တထောင်ကျော်မှာ ကျင်းပကြပါတယ်။ မြန်မာ ပြည်တွင်းမှာလည်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ရန်ကုန် ထားဝယ်စတဲ့ မြို့တွေအပါအဝင် ပလောင် ကယား တိုင်းရင်းသား ဒေသတွေမှာလည်း ကျင်းပတယ်လို့ ထိုင်းအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာ နိုင်ငံမှလွေးနွေနှောင်းက ဘီဘီစီကိုပြောပါတယ်။

အခုအခါ အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသား ဒေသတွေအတွင်း အပစ်အခတ်ရပ်စဲပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှုတွေ ဆက်ရှိနေဆဲဘဲလို့ သူကဆက်ပြောပါတယ်။

အဓိကအားဖြင့် စစ်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ် ကယားပြည်နယ် ရှမ်းပြည်နယ်တွေမှာ အစိုးရစစ်တပ်ဘက်က မတရားပြုကျင့်မှုတွေဆက်ရှိနေတယ်လို့သူ့ရဲ့စုံစမ်းသိရှိချက်တွေ အစီရင်ခံစာတွေအပေါ်အခြေခံပြီး လွေးနွေနှောင်းက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့မှာ အာရှဒေသအတွင်း မြန်မာ အိန္ဒိယ သိရိလင်္ကာ ပါကစ္စတန်စတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေအဓမ္မကျင့်ခံရတဲ့ ပြဿနာကို အာရှလူ့အခွင့်အရေး ကော်မရှင်က ထောက်ပြထားပါတယ်။

အခုနှစ် အတွက် အဓိကဦးတည်ချက်ကတော့ အမျိုးသမီးတွေရဲ့အရည်အချင်းတွေကို အသိမှတ်ပြုဖို့ နဲ့ အမျိုးသမီးအခွင့်အရေး ရဖို့ ခွဲခြားဆက်ဆံမှုရှိနေသေးတယ်ဆိုတာ ဖေါ်ထုတ်ဖို့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ကျင်းပရေးအဖွဲ့က မီးမောင်းထိုးပြ ထားပါတယ်။