ပြည်ပရောင်းဓါတ်ငွေ့ ၂၀ရာနှုန်း ပြည်တွင်းမှာသုံးမယ်

  • 9 မတ် 2012
ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုလုပ်ငန်းခွင်
Image caption ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုလုပ်ငန်းခွင်

ရခိုင်ပြည်နယ် ရွှေဂက်စ်သဘာဝဓါတ်ငွေ့ လုပ်ကွက်ကနေ ပိုက်လိုင်းသွယ်ပြီး တရုတ်ပြည်ကို တရက် ကုဗပေ သန်း၅၀၀ ဂက်စ်တင်ပို့မှာဖြစ်ပါတယ်။ အဲဒီထဲက ဂက်စ်ကုဗပေ သန်း၁၀၀ကို ပြည်တွင်းမှာ သုံးစွဲမှာဖြစ်တယ်လို့ စွမ်းအင် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်အောင်က ဘီဘီစီကိုပြောပါတယ်။

ရခိုင်ပြည်အပါအဝင်ပြည်တွင်းမှာ စက်ရုံအလုပ်ရုံနဲ့ လျှပ်စစ်မီးအဖြစ်သုံးမယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံကို ၂၀၁၃ ခုနှစ်ကနေ စပြီးသဘာဝဓါတ်ငွေ့ လွှတ်ပေးမှာဖြစ်ပါတယ်။ ဖြတ်သန်းမယ့်ဒေသတွေရဲ့လိုအပ်ချက်အရလည်းဂက်စ်ကို သုံးမှာဖြစ်တယ်လို့ ဦးထင်အောင်ကဆိုပါတယ်။

ပိုက်လိုင်းဖြတ်ရာဒေသတွေမှာ လယ်မြေတွေကို လျော်ကြေးပေးမှုရှိတယ်လို့ သူကဆက်ပြောပါတယ်။

နမ္မတူမြို့နယ်မှ လွှတ်တော်အမတ်ကတော့ မြေအမျိုးအစားပေါ်မူတည်ပြီး လျော်ကြေးပေးတာဖြစ်ကြောင်း နမ့်ခမ်းဘက်မှာဆိုရင် ပထမတန်းလယ်တဧကကို သိန်း၉၀ အထိရပြီး နမ္မတူဘက်ကမြေအမျိုးအစားကတော့ တဧကကို ၂၅သိန်းအထိရတယ်လို့ ပြောသွားပါတယ်။