မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေဆဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption တိုးတက်မှုတွေကနေ နောက်ကြောင်း ပြန်လှည့် နိုင် မယ့် အန္တရာယ်ရှိတယ်လို့ ကင်တားနား ပြော

မြန်မာ အစိုးရသစ်ရဲ့ ပြုပြင် ပြောင်းလဲ ရေး ဆောင်ရွက်ချက်တွေကြောင့် လူ့အခွင့် အရေး ကိစ္စရပ်တွေမှာ တိုးတက်မှု တချို့ ရှိခဲ့ပေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နဲ့ ယဉ်ကျေးမှု ဆိုင်ရာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကတော့ အတော်များများ ရှိနေဆဲပဲလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက သူ့ရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖေါ်ပြလိုက်ပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံမှာ လက်ရှိ တိုးတက် ပြောင်းလဲမှုတွေကနေ နောက်ကြောင်း ပြန်လှည့်သွားနိုင်မယ့် အန္တရာယ် မျိုး ရှိနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကတိကဝတ် တာဝန်တွေကို ဖြည့်ဆည်း အကောင်အထည်ဖေါ်ရေးမှာ ပိုမို လုပ်ဆောင်သင့်ပြီး ဒီလို ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့ ပိုပူးပေါင်း ဆောင်ရွက် သင့်ကြောင်း မစ္စတာ ကင်တားနားက ပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း အခုလို အရေးပါတဲ့ ကာလမျိုးမှာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို အနီးကပ် လေ့လာ စောင့်ကြည့်ရင်း မြန်မာအစိုးရနဲ့ မပြတ် ထိတွေ့ ဆက်ဆံသွားပြီး အကူအညီပေး ထောက်ပံ့အားပေးသွားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ရှိနေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကြီးအနေနဲ့ လက်ရှိအနေအထားအရ အကာ အကွယ် ပေးနိုင်သလောက်ပဲ ပေးနိုင်ပြီး လူ့အခွင့်အရေး ကိစ္စရပ် အတော်များများကို အကာအကွယ် မပေးနိုင်သေးဘူး ဆိုတာကို သဘောပေါက်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ အတွင်းရေးမှူး ဦးစစ်မြိုင်က ဘီဘီစီကို ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ကြီးအနေနဲ့ ပုဂ္ဂလိက ကိစ္စရပ်မျိုးတွေကို နှစ်ဖက် ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့ပေမယ့် တရားရုံးက ဆောင်ရွက်တဲ့ အမှုတွေကိုတော့ ဝင်ရောက် စွက်ဖက်လေ့ မရှိဘူးလို့ ဆိုပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကြီး ဖြေရှင်း ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့် အရေး ကိစ္စရပ်တွေထဲမှာ ဥပမာအားဖြင့် မြေယာပိုင်ဆိုင်မှု ဆိုင်ရာ လူ့အခွင့် အရေး ကိစ္စရပ်တွေ ဖြေရှင်းရာမှာ အခက်အခဲ အတွေ့ဆုံး ဖြစ်ကြောင်း၊ ဒါပေမယ့် အခုအခါ မြေယာ ဥပဒေကြမ်းကို လွှတ်တော်မှာ အဆိုတင်သွင်းထားပြီး ဖြစ်တာမို့ အဲဒီဥပဒေကြမ်းတွေ အတည်ဖြစ်လာရင် ပိုအကာအကွယ်ပေးသွားမယ်လို့ ယူဆကြောင်း ဦးစစ်မြိုင်က ပြောပါတယ်။