မဲစာရင်း မှန်ကန်ရေး ရက်တိုးပေးမယ်

  • 9 မတ် 2012
burma vote
Image caption မဲစာရင်း မှန်ကန်ရေး စစ်ဆေးဖို့ ရက်တိုးပေး

ဧပြီ ၁ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ် တွေမှာ မဲစာရင်း မှန်ကန်ရေး စစ်ဆေးဖို့ ရက်ကို ရွေးကောက်ပွဲ ကော်မရှင်က ခုနစ်ရက်ပဲ သတ်မှတ်ပေးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ၂၁ ရက် တိုးပေးဖို့ တောင်းဆို မှုကို ကော်မရှင် က ညှိနှိုင်းပေးလို့ ပြေလည် သွားပြီ ဖြစ်ပါတယ်။

မဲဆန္ဒနယ်တချို့က မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူ စာရင်းတွေကို NLD အပါအဝင် ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေက စစ်ဆေးကြတော့ သေသူတွေ ၊ အသက်မပြည့် သူတွေ ပါနေတာ၊ လူတယောက်ထဲ အကြိမ်ကြိမ် ပါနေတာ၊ ပါသင့်သူ ကျတော့ မပါဘဲနေတာ စသဖြင့် အမျိုးမျိုး တွေ့ခဲ့ရပါတယ်။

မှန်မှန်ကန်ကန် ဖြစ်အောင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ လုပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်က ပေးတဲ့ ခုနစ်ရက်က အဆင်မပြေတဲ့ အတွက် ၂၁ ရက်ထိ တိုးပေးဖို့ NLD က တင်ပြခဲ့ တာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကော်မရှင်က NLD ကို အဆင်ပြေ အောင် ဆောင်ရွက်နိုင်မယ့် နည်လမ်းနဲ့အတူ တုန့်ပြန် အကြောင်းကြား ခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဘီဘီစီက NLD ပြောခွင့်ရသူ ရှေ့နေ ဦးဉာဏ်ဝင်းကို မေးကြည့်တော့ ကော်မရှင်က တုန့်ပြန်ချက် ရတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ အောက်ခြေ အထိ ကော်မရှင် အဆင့်ဆင့်ကြားမှာ တယ်လီဖုန်း၊ ဖက်စ်တို့နဲ့ ကောင်းမွန်တဲ့ သတင်း ဆက်သွယ်ရေး ချိတ်ဆက် ထားကြောင်းနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ် တွေမှာ စိစစ်ပြီး သေချာတဲ့ မဲဆန္ဒရှင် စာရင်းကို ရွေးကောက်ပွဲ မတိုင်ခင် တပတ် အလိုမှာ ထွက်မှာ ဖြစ်ကြောင်း ကော်မရှင်က ဘီဘီစီကို ပြောပါ တယ်။