အစိုးရနဲ့ ကေအိုင်အို သဘော တူညီချက် မရ

  • 10 မတ် 2012
KIA
Image caption နောက်ထပ် ညှိနှိုင်းစရာတွေ အများကြီး ရှိတယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော် ကဆို

ငြိမ်းချမ်းရေး အတွက် မြန်မာ အစိုးရနဲ့ သုံးရက်ကြာ ဆွေးနွေး ခဲ့ ပေမယ့် တစုံတရာ သဘော တူညီချက် မရခဲ့ ဘူးလို့ (KIO) ကချင် လွတ်လပ်ရေး အဖွဲ့ က ပြောပါတယ်။

ပြဿနာ ရှိနိုင်တဲ့ ဒေသ တွေက တပ်စခန်း တွေ အရေးနဲ့ ပတ်သက်ပြီး အဓိက သဘောထား ကွဲလွဲ နေတာ ဖြစ်တယ်လို့ KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။

တရုတ် နိုင်ငံ ရွှေလီမြို့မှာ ကျင်းပ ခဲ့တဲ့ အစည်းဝေး အပြီး နှစ်ဖက် ပူးတွဲ ထုတ်ပြန် ကြေညာချက် ထဲမှာ "တဖက်နှင့် တဖက် စစ်ရေး အရှိန်များ လျော့နည်း လာမည်ဟု ယုံကြည်ပါသည်" ဆိုပြီး ဖော်ပြ ထားပေမယ့် တကယ်တမ်းမှာ တိုက်ပွဲတွေ ကနေ့စဉ်လို ဆက်လက် ဖြစ်ပွား နေဆဲပါ။

အစိုးရ ဘက်က အပစ်အခတ် ရပ်စဲ ရေးကို အရင် သဘောတူပြီးမှ တပ်နေရာ ချထားရေးကို ဆက်ဆွေးနွေးချင် နေပြီး KIO ဖက်ကတော့ နယ်မြေစိုးမိုးရေး အတွက် တမင် ချထားတာလို့ သူတို့ယူဆတဲ့ အစိုးရတပ် တွေကို အရင် ဆုတ်ခွာပေး ပြီးမှ အပစ်ရပ်မယ့် ကိစ္စကို သဘောတူ တာမျိုးကို လိုလားတယ်လို့ ဆိုပါတယ်။

နှစ်ဖက် ကြားမှာ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူ ခဲ့ကြ ပေမယ့် နေ့ရက်နဲ့ အချိန်နေရာ ကိုထပ်ပြီး သတ်မှတ်ဖို့ လိုနေသေးတယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

အခုတကြိမ် ဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နဲ့ KIO ဖက်က ဦးဆွန်လွတ်ဂမ် ဦးဆောင်တဲ့ အဖွဲ့တို့ တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။