လူ့အခွင့်အရေးနေ့ မန္တလေးမှာ ကျင်းပ

  • 14 မတ် 2012
Student union flag ဓာတ်ပုံ မူပိုင် Burma Students
Image caption ဗကသ အလံ

မြန်မာ နိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် ဒီမို ကရေစီ လိုလားသူတွေက သတ်မှတ်ထားတဲ့ စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးတဲ့နေ့ အထိမ်းအမှတ် အခမ်း အနား တွေကို မန္တလေးမှာ အထက် ဗကသက ကျင်းပခဲ့ပါတယ်။

လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ်မန္တလေး နည်းပညာ တက္ကသိုလ်၊ ဆေးတက္က သိုလ်နဲ့ နည်းပညာ ကောလိပ်တွေက ကျောင်းသူ ကျောင်းသားတွေက မန္တလေး အာဇာနည် ဗိမ္မာန်မှာ သွားရောက် ပန်းခွေ ချခဲ့ပြီး ခွပ်ဒေါင်း အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တိုင်ဝက် လွှင့်ထူထားခဲ့တယ်လို့ ဗကသ တရားဝင် ပြန်လည် ပေါ်ထွန်းရေး ကော်မတီ ပြန်ကြားရေး အဖွဲ့ဝင် ကိုအောင်ကျော်မိုးက ဘီဘီစီကို ပြောပြပါတယ်။

အာဏာပိုင်တွေဘက် စောင့်ကြည့်ရုံသာ စောင့်ကြည့်ခဲ့တယ်လို့ ပြောပါတယ်။

ပန်းခွေ ချချိန်ဟာ အထက်တန်းကျောင်း စာမေးပွဲတွေ ကျင်းပချိန်နဲ့ သွားတိုက်နေတဲ့ အတွက် စီတန်း ချီတက်တဲ့ထိ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

အာဇာနည်ကုန်းမှာ ပန်းခွေချမှု အပြင် မစိုးရိမ်ကျောင်းမှာ အထိမ်း အမှတ် ပန်းချီ ပြပွဲ ကျင်း ပပြီး နေ့လည်ပိုင်းမှာတော့ ဗကသ ကျောင်းသားဟောင်းတွေက ဟောပြောပွဲတခု ပြုလုပ် ခဲ့ပါတယ်။

ဘုရားကြီးမှာလည်း အထိမ်းအမှတ် အနုပညာ ပြပွဲ တခု ပြုလုပ်ခဲ့သလို မုံရွာ ခရိုင်က ကျောင်းသူ ကျောင်းသားတွေကလည်း ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေး ခဲ့ပါတယ်။

လောလောဆယ် ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးသလို ဒီမိုကရေစီ တိုင်းပြည် တခုမှာ ရသင့် ရအပ်တဲ့ လူ့အခွင့်အရေးတွေ အတွက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်သလို အစိုးရ ဘက်ကလည်း လိုက်လျောမှုတွေ လုပ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ကိုအောင်ကျော်မိုးက ဘီဘီစီကို ပြောပြခဲ့ပါတယ်။