မတ်လ ၁၃ ရက် မြန်မာ့ လူ့အခွင့်ရေးနေ့

kokogy ဓာတ်ပုံ မူပိုင် AFP
Image caption ၈၈မျိုးဆက် ကိုကိုကြီး

ဒီကနေ့ဟာ ၁၉၈၈ ခုနှစ်တုန်းက လုံထိန်းတွေရဲ့ လက်ချက်နဲ့ စက်မှုကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့တာ ၂၄နှစ်တင်းတင်း ပြည့်တဲ့ နေ့ ဖြစ်ပါတယ်။ရှစ်လေးလုံး အရေးအခင်းကြီး အစပျိုး ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်း တရပ်ထဲမှာ ကိုဖုန်းမော် သေဆုံးခဲ့ရမှုလည်း ပါဝင်ပါတယ်။

ကိုဖုန်းမော် သေဆုံးခဲ့အပြီး နောက်တနှစ်အကြာ ၁၉၈၉ ခုနှစ်ကစလို့ မတ်လ ၁၃ရက်ကို ဒီမိုကရေစီ လှုပ်ရှားသူတွေက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့ကြပါတယ်။

အခု ဒီနှစ်မှာတော့ အကျဉ်းထောင်ကနေ ပြန် လွတ်လာကြတဲ့ ၈၈ မျိုးဆက် ကျောင်းသား တွေက လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဉီး ဖြစ်တဲ့ ဉီးကိုကိုကြီး က ဒီသဝဏ်လွှာမှာ မြန်မာ့ လူ့အခွင့်အရေး အမှောင်ကျ ဆိတ်သုဉ်း ခဲ့တဲ့ နေရာက အလင်းခေတ် ကိုစပြီး ဖေါက်ထွက်လာတဲ့ သင်္ကေတ တခုအနေနဲ့ ကိုဖုန်းမော် ကျဆုံးတဲ့ နေ့ ကို မြန်မာ့လူ့အခွင့်အရေးနေ့ အဖြစ် အားလုံးက သတ်မှတ်ခဲ့ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒါပေမယ့် အမျိုးမျိုးသော ဖိနှိပ်မှုတွေ၊ အဟန့်အတားတွေ ကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ မှေးမှိန်ခဲ့ပြီး အခုမှသာ ပြည်တွင်း ပြည်ပ မှာ မြန်မာ့ လူ့အခွင့်အရေးနေ့ ကျင်းပခွင့် ရခဲ့ပုံ ကို ဉီးကိုကိုကြီးက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကင်းမဲ့ခဲ့လို့ အရှေ့တောင်အာရှ မှာ အချမ်းသာဆုံး နိုင်ငံကနေ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ အဖြစ်ကျရောက် ခဲ့လို့ မြန်မာနိုင်ငံ ပါဝင်လက်မှတ် ရေးထိုးခဲ့တဲ့ လူ့အခွင့်အရေး ကြေညာ စါတမ်းကို အများပြည်သူ သိရှိအောင် ကျင့်သုံးနိုင်အောင် ထုတ်ပြန်ရကြောင်း ဉီးကိုကိုကြီး က ရှင်းပါတယ်။